အရှုပ်အရှင်းမကောင်းသတင်းများထွက်ပေါ်သည့် အလှမယ်အား မြန်မာကိုယ်စားပြုမယ်ဆုနှင့်အခြားဆုများ ရုပ်သိမ်းသွားမည်ဟုဆို

ပို့စ်တင်ချိန် - 12/10/2013 07:00:00 PM



မေစနိုး၊ ရန်ကုန်၊ ဒီဇင်ဘာ-၉

Miss Golden Land Myanmar အဖွဲ့အစည်းမှ နိုင်ငံတကာပြိုင်ပွဲ များသို့ ရွေးချယ်စေလွှတ်ထားသော ကိုယ်စားပြုမယ်များ အရှုပ်အရှင်း မကောင်းသတင်းများထွက်ပေါ်ခြင်းမရှိအောင် တာဝန်ယူနေထိုင်ပါ မည်ဆိုသည့် စာချုပ်ပါအချက်ကို ဖောက်ဖျက်ပါက မြန်မာ ကိုယ်စားပြုမယ်Title ဆုနှင့် အခြားဆုများကို ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ပြီး သတင်းမီဒီယာများထံချပြပြောဆိုသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင်Miss Golden Land Myanmar အဖွဲ့အစည်း တည်ထောင်သူ ကိုဝေယံအောင်က စံတော်ချိန်သို့ ပြောဆိုသည်။
အဆိုပါ စာချုပ်သက်တမ်းသည် တစ်နှစ်ကြာမြင့်မည်ဖြစ်ကာ တစ်နှစ် သက်တမ်းအတွင်း အိမ်ထောင်ပြုခြင်းနှင့် အရှုပ်အရှင်းသတင်းများ မထွက်ပေါ်ရန်၊ အထူးသတိပြုရန် သတ်မှတ်ထားကြောင်းသိရသည်။ တစ်နှစ်သက်တမ်းအတွက် အဖွဲ့အစည်း၏ ဒေသဆိုင်ရာ ဒါရိုက်တာ မှ သတ်မှတ်ပေးထားသော ၀တ်စားဆင်ယင်မှုအတိုင်းသာ ၀တ်ဆင်ရန် သတ်မှတ်ထားကြောင်း၊ မည်သည့်အဖွဲ့အစည်း၏ သြဇာခံမဖြစ်ရေးကိုလည်း သတ်မှတ်ထားသည်။

" ကျွန်တော်တို့ သေချာတာကတော့ ဒီလိုဖြစ်ရပ်တွေဖြစ်လာရင် ကာယ ကံရှင်ကို ဘယ်တော့မှ ဒုတိယအကြိမ် အခွင့်အရေးပြန်ပေးမှာမဟုတ်ပါဘူး။ အလှမယ်တွေရဲ့ ဂုဏ်သိက္ခာ မထိခိုက်ရေးအတွက်လည်း ကျွန်တော် တို့အတတ် နိုင်ဆုံးထိန်းသိမ်းထားသလို အလှမယ် တွေကိုယ်တိုင်လည်း ထိန်းသိမ်းဖို့အတွက် ဒီလိုသတ်မှတ်ချက်ထည့်သွင်းထားတာပါ။ ဒီသတ်မှတ်ချက် ချိုးဖောက်တာနဲ့ သူရထားတဲ့ Miss Supranational Myanmar ,Miss Grand International လိုမျိုး Title ဆုတွေကို ရုပ်သိမ်း မယ့်အပြင်သူရထားတဲ့ အခြားဆုတွေကို လည်းပြန်သိမ်းပါမယ်။ ဒီလို အလှမယ်က စည်းကမ်းချိုးဖောက်မှုရော၊ သတ်မှတ်ချက် မလိုက်နာဘဲ စာချုပ်ကို ဖောက်ဖျက်မယ်ဆိုရင်တော့ မီဒီယာကို ချက်ချင်းဖွင့် ဟပြောကြားသွားပါမယ် " ဟု ကိုဝေယံအောင်က ပြောသည်။

စာချုပ်စည်းကမ်းပါ အချက်များအရ အဖွဲ့အစည်းနှင့် စာချုပ်ချုပ်ထားသည့် အလှမယ်သည် အနုပညာလုပ်ငန်း၊ ကြော်ငြာလုပ်ငန်းများကို ယင်းအဖွဲ့ အစည်း၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း၊ ယခင်က မယ်အဖွဲ့ အစည်းအများစုသည် အလှမယ်များနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါစည်းကမ်းချက်များကို ယခုကဲ့သို့ ချပြမှုနည်းပါးခဲ့ပြီး ယခု ချပြခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ စာချုပ်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်လိုက်ပြီ ဆိုရင်တော့ မယ်ဆုတွေ ရုပ်သိမ်းရုံသာမက ပြိုင်ပွဲသွား ပြိုင်တုန်းက ကုန်ကျစရိတ်တွေ၊ လိုင်စင်ကြေးတွေကအစ ပြန်လည်ပေးဆောင်ရမယ်။ အခုလို ကျွန်တော်တို့ စည်းကမ်းချက်တွေ ချပြတယ်ဆိုတာ ကျွန်တော်တို့ရဲ့ မယ်တွေကလည်း လွယ်လွယ်နဲ့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး ဆိုတာ သိစေချင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့အစည်းက မယ်တွေကလည်း ဒီအပိုင်းကို အရမ်းကိုထိန်းသိမ်းကြတယ် ဆိုတာ သိပါတယ်။ ဒီလိုစာချုပ်ပါစည်းကမ်းချပြတယ်ဆိုတာ ပရိသတ်နဲ့ ကျွန်တော်တို့ကြား ဘာမှဖုံးကွယ်ထားတာ မရှိဘူးဆိုတာကို ချပြချင်လို့ပါ " ဟု ကိုဝေယံအောင်က ပြောသည်။

Miss Golden Land Myanmar အဖွဲ့အစည်း၏ စည်းကမ်းချက် (၂၅)ချက်တွင် အရေးကြီးအချက်များ ပါဝင်သည့် စည်းကမ်းချက် (၆) ချက် ကို Miss Golden Land Myanmar အဖွဲ့အစည်းက ဒီဇင်ဘာ ၇ ရက်၌ အများပြည်သူသိစေရန် ထုတ်ပြန်ချပြခဲ့သည်။