ရွှေနှလုံးသား ရုပ်ပုံလွှာ

ပို့စ်တင်ချိန် - 12/20/2013 09:46:00 AM




"မှောင်နေရင် မီးထွန်းလိုက်...ဆာလောင်သူကို... ကိုယ့်အထဲက တစ်ဝက်မျှဝေလိုက် " ဆိုသည့် သီချင်းစာသားကလေးတစ်စကို သောတပန်ဆင်လိုက်ရသည့် အခိုက်အတန့် " ပရဟိတ " ဆိုသည့် စကားလုံးလေးများ၏ အနက်အဓိပ္ပာယ်ဆီသို့ စိတ်ညွတ်နေမိပါသည်။ သိပ်ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါ။ အရိုးရှင်းဆုံးက မိမိ၏နှလုံးသားတစ်နေရာ၌ ပုန်းလျှိုးလျက်ရှိသည့် အကြင်နာအလှတရားတို့ဖြင့် လူမှုဝန်းကျင် အသိုင်းအ၀ိုင်းအပေါ် တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးဆပ်မှုပြုခြင်းသာ ဖြစ်ပါသည်။ ထိုအရာကို " ပရဟိတ နှလုံးသား " ဟူ၍ ကောက်ချက်ပြုဖွင့်ဆိုရပါလျှင်... ပရဟိတနှင့်လူသားကမ္ဘာ၊ လူသားဝန်းကျင်နှင့် ပရဟိတဟူသည့် သီးခြားကင်းကွာ၍
ရကောင်းသည့် ကိစ္စမဟုတ်ပါ။ ပရဟိတလုပ်ငန်းဟူသည် လောကကောင်းကျိုး၊ လူသားအားလုံးတို့၏ ကောင်းကျိုးအတွက် မိမိ၏ ဘ၀တစ်စိတ်တစ်ပိုင်းကို ပေးဆပ်အသုံးချခြင်းမည်ပါသည်။ သို့ကြောင့်လည်း ရှေးသူဟောင်း အဆက်ဆက်တို့က အများအကျိုးသယ်ပိုးဆောင်ရွက် သင့်ပုံနည်းနာအဖြာဖြာတို့ဖြင့် သတိပေးနှိုးဆော်ခဲ့ခြင်းမည်ပါသည်။ ပရဟိတနှင့် စပ်လျဉ်း၍ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးက ကဗျာလေးတစ်စရေးစပ်သီကုံးခဲ့ပါသည်။

ကြုံခဲကြုံရ၊ ဒုလ္လဘ၀ယ်
ဗုဒ္ဓသမီးသား ဖြစ်ပါငြားလျက်
စွမ်းအားရှိသူ၊ သင့်လိုလူက
အများကျိုးတွက်၊ မဆောင်ရွက်ဘဲ
ကိုယ်ကျိုးတွက်သာ ဆောင်ရွက်ပါ...
သံသရာ ရှုံးမည်မှတ်...ဟူ၍

သတိပေးထားပုံ ဖြစ်ပါသည်။ ရခဲလှစွာသော လူ့ဘ၀၌ လူဖြစ်ရစဉ် အခိုက်အတန့်လောကကောင်းကျိုး၊ လူသားကောင်းကျိုးအတွက် မိမိတတ်စွမ်းသည့်ထောင့်မှ ပါဝင်လျက်၊ အကျိုးမပြုခဲ့ပါဘဲ မိမိအကျိုးတစ်ခုတည်းကိုသာ ရှေးရှုလုပ်ဆောင်မည်ဆိုပါက လူဖြစ်ရှုံးသူသာဖြစ်ပါကြောင်းနှင့် အကောင်းဆုံးစိတ်ထားဖြင့် လှုပ်ရှားရှင်သန်နိုင်ရေး မီးပွင့်တစ်ချက် လင်းပြက်ပြခဲ့ခြင်းမည်ပါပေသည်။ ရွှေဟင်္သာဆရာတော်ကြီးကတော့ " အများအကျိုးရွက်သယ်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့် ယှဉ်ရှေးရှုနှင်လော့ " ရယ်လို့ ဆိုဆုံးမခဲ့ပါသည်။ ပရဟိတဟူသည် လူသားကောင်းကျိုး သယ်ပိုးရွက်ဆောင်လိုသူတို့အတွက် ထိုးနှက်တိုက်ခိုက်မှုများဖြင့် မည်သို့ပင်အပြစ်ဖွဲ့သော်ငြား ကျောက်စိုင်ကျောက်သားကဲ့သို့သော ပကတိစိတ်ရင်းဖြင့် ဖြူးဖြောင့်မတ်ခိုင်မာစွာ ရှေးရှုရာလမ်းကြောင်းမပျောက်စေရေး အားပေးအားမြှောက်ပြုထားခြင်းဖြစ်ပါသည်။

ကိုယ့်ဘက်က အသာစီးရလိုမှုတစ်ခုတည်းကိုသာ ရှေ့တန်းတင်လိုကြသည့် လူသားအများစုနှင့်တော့ ဘယ်နည်းနှင့်မျှ သဟဇာတမဖြစ်နိုင်သည့် ဆေးခါးကြီးတစ်ခွက်ဖြစ်ပါသည်။ ပရဟိတနှလုံးသားရှိဖို့ဆိုသည်မှာ အပြောလွယ် လှသလောက် တကယ်တမ်းအကောင်အထည်ဖော်ဖို့ခက်လှပါသည်။ ထိုမလွယ်ကူလှသော အလုပ်ကိုပင် တစ်ဦးကောင်းတစ်ယောက်ကောင်းသော်လည်းကောင်း၊ အပေါင်းအသင်းအဖွဲ့အစည်းနှင့် အသင်းအပင်းနှင့်သော်လည်းကောင်း သိုက်မြိုက်လန်းရွှင်စွာ အကောင်အထည်ဖော်လိုသူ လူတန်းစားသည်လည်း ကမ္ဘာမြေအ၀န်း၌ အထင်အရှားရှိခဲ့ရှိနေကြသည်သာပင်။

ထိုသို့သော အသိုက်အ၀န်းထဲမှ မြန်မာတို့၏ သာသနာတော်သမိုင်း၌ ၀င့်ကြွားထင်ရှားတော်မူခဲ့သည့် လယ်တီဆရာတော်ကြီး၏ ပရဟိတနှလုံးသားနှင့်ပြုမူဆောင်ရွက်ခဲ့ပုံများက အံ့ဖွယ်ဘနန်းပါပေ။ ဆရာတော်သည် ကျောင်းတိုက်ရှိ တပည့်ရဟန်းများ အိပ်စက်နားနေချိန် နံနက် ၂ နာရီ ၀န်းကျင်ခန့်တွင် ကျိန်းစက်ရာမှထ၏။ ပြီးလျှင် ကျောင်းတိုက်ရှိ ရေအိုးများကို ရေဖြည့်၏။ ဆက်၍ကုဋီများကို ရေဖြည့်၏ ကျောင်းတိုက်အတွင်းရှိ သံဃာအပါး ၁၀၀ ခန့် မငြိုမငြင်သုံးစွဲနိုင်ရန် နေ့စဉ်ဝတ်မပျက်ပြုကျင့်တော်မူခဲ့သည်။ နံနက် ၄ နာရီ ၀န်းကျင်တိုင်လျှင် ရေအိုးအားလုံး ရေဖြည့်ပြီးဖြစ်သည်။ နောင်သော် ဆရာတော်ကြီးကိုယ်တိုင် ရေအိုးများ ကုဋီများရေဖြည့်ထားကြောင်း သိသဖြင့် တပည့်ရဟန်းများက မသုံးဝံ့၊ မစွဲဝံ့ဖြစ်ကြ၏။ ဆရာတော်က မ၀ံ့မရဲမဖြစ်ကြဘဲ သုံးစွဲကြရန် နှစ်သိမ့်ခဲ့သည်။

ဆက်၍လည်း မုံရွာမြို့ပေါ်ရှိ ဆရာတော်ကြီးများ၏ ကျောင်းတိုက်များသို့ သွားရောက်လျက် ကုဋီများရေဖြည့်ခြင်း၊ ကနုတံများ ဆေးကြောခြင်း၊ တံမြက်စည်းလှည်းကျင်းသန့်ရှင်း ခြင်းများ ပြုခဲ့ပါသေးသည်။ ထိုကိစ္စများပြီးမှ ဆွမ်းခံခြင်းပြုသည်။ အချို့ဆရာတော်များက လယ်တီဘုန်းကြီး ဤသို့မပြုလုပ်ရန် ပြောသောအခါ " တပည့်တော်ကို သနားရင်ခွင့်ပြုပါ။ တစ်သံသရာလုံးတပည့်တော် လက်တွေခြေတွေဟာ သားကျွန်၊ မယားကျွန် ဖြစ်ခဲ့ရပါတယ်။ သံဃာ့ကျွန်၊ သာသနာ့ကျွန်အမှု ပြုခွင့်ပေးကြပါ " ဟူ၍ ဆိုခဲ့ပါသည်။ ဤသို့ပြုကျင့်ခဲ့သည်မှာလည်း နှစ်ပေါင်း ၂၀ ကြာသည်ဟုဆိုပါသည်။

ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ ကိုးကွယ်ရာ မြတ်စွာဘုရားရှင်၏ ပရဟိတနှလုံးသားဖြင့် ဖြည့်ကျင့်တော်မူခဲ့ပုံကိုလည်း ရှုကြပါဦးစို့။ ဘုရားရှင်လက်ထက်တော်အခါက " တိဿ " ဟူသော ရဟန်းတစ်ပါး အနာရောဂါတို့ဖြင့် ဒုက္ခခံစားနေရရှာပါသည်။ တိဿရဟန်းသည် အတိတ်ဘ၀ ကဿပဘုရားရှင်လက်ထက်တော်အခါက ငှက်ပစ်မုဆိုးဖြစ်ခဲ့ပြီး ငှက်ငယ်တို့အား ခြေထောက်တောင်ပံတို့ကို ချိုးဖဲ့ခဲ့ဖူးသည့်အတိတ်ကံကြောင့် လက်ရှိဘ၀တွင် ဤကဲ့သို့ဝဋ်ကြွေးခံရခြင်း ဖြစ်ပါသည်။

ထိုသို့အတိဒုက္ခတို့ဖြင့် အိပ်ရာထဲလဲလျောင်းနေရရှာသည့် ဒုက္ခိတရဟန်းတိဿအား မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ပြည်ပုပ်၊ သွေးပုပ်တို့ကို ရေနွေးဖြင့် ဆေးကြော သန့် စင်လျက် သစ်လွင်သောသင်္ကန်းတို့ဖြင့် လဲလှယ်ပေးတော်မူခဲ့၏။ အတိတ်ဘ၀၀ဋ်ကြွေးတို့ ကြေပျက်စေခြင်းငှာ သံသရာတစ်လျှောက်လုံး ကပ်ငြိလိုက်ပါလျက်ရှိသော ကိလေသာအညစ်အကြေးကိုပါ လျှော်ဖွပ်ဆေးကြောပေးခဲ့သဖြင့် ထိုအိပ်ရာထက်မှာပင် တိဿရဟန်းရဟန္တာ အဖြစ်သို့ ရောက်ခဲ့ရပေသည်။

" ငါ...ဘုရားကို ချစ်ကြည်ညို၍ ပြုစုလိုက သူအိုသူနာတို့အား ကရုဏာရှေးရှုပြုစုလော့ " ဟူ၍ မိန့်ကြားတော်မူပါသည်။

လက်ရှိကာလ ရဟန်းရှင်လူပြည်သူအပေါင်းတို့၏ ပရဟိတလုပ်ရပ်များကလည်း ကျွန်တော်တို့၏ နားထဲမျက်စိထဲတိုးဝင်လျက် ရှိပါသည်။ ထိုအများထဲမှ ဆရာတော်ကြီး " အရှင်ဥာဏိဿရ " ၏ ဦးဆောင်မှုဖြင့် မျက်စိဝေဒနာကုဆေးခန်းများ မြန်မာ့မြေအနှံ့ဖွင့်လှစ် ဆောင်ရွက်နေပုံများ လောလောလတ်လတ် မလေးရှားမှ မြန်မာဒုက္ခသည်အပေါင်းတို့အား ကူညီစောင့်ရှောက်လျက် အမိမြေသို့ ပြန်လည်ခေါ်ဆောင်ပေးနေပုံများမှာ နှလုံးလှပရဟိတ မြင်ကွင်းများသာ ဖြစ်ပါသည်။

ဘေးဒုက္ခအပေါင်းနှင့် ကြုံတွေ့နေရချိန်၌ ရေကြည်တစ်ပေါက် ထမင်းတစ်လုတ်၊ ဟင်းလျာတစ်ဖက်မှာ များစွာမှ အရေးပါအရာရောက်လှပါသည်။ ထိုရေကြည်တစ်ပေါက်၊ ထမင်းတစ်လုတ်၊ ဟင်းလျာတစ်ဖက်အတွင်း ထည့်သွင်းပေးလိုက်သည်။ မေတ္တာကရုဏာအတိုင်းအတာက ပိုမို၍ထိရောက် အစွမ်းထက်လှသည်မှာ ခံယူရသူရော ပေးလှူရသူအတွက်ပါ ကြည်နူးချမ်းမြေ့ဖွယ်ရာ အလှပုံရိပ်များသာပင်။

လမ်းမပေါ်မှ သက်ကျားအို အဘိုးအဘွားများအား ဖေးမကူညီလျက် လမ်းဖြတ်ကူးပေးကာ လိုရာသို့ ပို့ဆောင်ပေးမှုလေးသည်ပင် အလွယ်ကူဆုံးသော ပရဟိတလုပ်ရပ်ဖြစ်ပါသည်။ ကျောင်းဆင်းချိန်များ၌ ယာဉ်ထိန်းရဲလုံမေများ ကားလမ်းမပေါ်မှ စောင့်ရှောက်၍ ကျောင်းသူကျောင်းသားတို့အား လမ်းကူးစေခြင်းသည်လည်း ပရဟိတနှလုံးသားပိုင်ရှင်တို့၏ လှုပ်ရှားမှုပုံရိပ်များပင် ဖြစ်ပေသည်။ ယခုအခါ နာရေးကူညီမှုအသင်းများ၊ အောက်ဆီဂျင်ဓာတ်ငွေ့ ကူညီမှုအသင်းများ၊ ပန်းရဲ့လမ်းအစရှိသဖြင့် နိုင်ငံအနှံ့အပြား တိုးပွားလျက်ရှိပေရာ သာဓုခေါ် ဆိုဖွယ်များပါပေ။

ရေနည်းငါးလေးဆိုတာနဲ့ သေချာပေါက် ဗျိုင်းသုတ်ခံရတော့မှာလား၊ ရေမရှိပေမယ့် ရွှေရှိပါတယ်ဆိုပြီး ရွက်လွှင့်ချီတက်လာခဲ့သည့် မတ္တရာမြေမှ " ရွှေပရဟိတဂေဟာ " တစ်ခုသည်လည်း သည်ရပ်ဝန်း၌ ပန်းတစ်ပွင့်အဖြစ် ရနံ့ သင်းချိုမြခဲ့ပေသည်။ သူတို့တစ်တွေ ကိုယ့်အားကိုယ်ကိုး၍ ပြုစုပျိုးစိုက်ခဲ့သည်ပင် နှစ်ပရိစ္ဆေဒအားဖြင့် ၁၅ နှစ် အတိုင်းအတာထိ ၀င်ရောက်ခဲ့ပြီး ဖြစ်ပေသည်။ သူတို့၏ ရေလောင်းပေါင်းသင်မှုဖြင့် အောင်ပန်းဝေလျက် အသီးအပွင့်များ ဆွတ်ချူသုံးစားခွင့်ရသူတွေပင် ကိန်းဂဏန်းတစ်ခုထိရောက်ရှိကာ လန်းလန်းဝေေ၀။

အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းဖြင့် လောကအလှဆင်သခဲ့ကြသည့် မြတ်စွာဗုဒ္ဓအစပြုလျက် လယ်တီဆရာတော် သီတဂူဆရာတော်ကြီးနှင့် မန္တလေးရတနာပုံမှ သစ်ပင်ချစ်သူ ဦးငွေ၊ လူအိုရုံများ တည်ထောင်သူ ဘွားဦးဇွန်၊ ထို့အတူလူငယ်ပရဟိတဂေဟာများ တည်ထောင်ခဲ့ကြသည့် ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံခြားတိုင်းတစ်ပါးဆီမှ အများအကျိုးသယ်ပိုးခဲ့ကြသည့် အိန္ဒိယသမ္မတဟောင်း အဗ္ဗဒူကလာမ်ဒေါက်တာရွိုက်ဇာ၊ ကရုဏာရှင် မာသာထရီဇာ၊ သူဌေးကြီးဘီလ်ဂိတ်၊ အင်ဂျလီနာဂျိုလီ၊ ဂျက်ကီချန်း၊ နယ်လ်ဆင်မင်ဒဲလား စသဖြင့် ပရအကျိုးအတွက် သာသာထိုးထိုး သယ်ပိုးဆောင်ရွက်ခဲ့ကြပုံများက အားကျဖွယ် လောကအလှဆင်သူ ရွှေနှလုံးသားပိုင်ရှင်များပင်။
ကျွန်တော်တို့ လူ့လောကအတွင်းသို့ ကမ်းကပ်ရောက်ရှိလာခြင်းက ခေတ္တခဏမျှသာ ရှိရှိ သမျှ သက်ရှိသက်မဲ့အရာအားလုံး ထာဝရဟူ၍ မရှိနိုင်ပါ။ ခဏမျှသော ဘ၀ကို အကျိုးရှိစွာ အသုံးချရေးသည်သာ အဓိကကျပါသည်။
ဒီတော့ အတ္တအကျိုးတစ်ခုတည်းအတွက် အယူသဘောဆောင်သည့် " ကမ်း " ၏ စရိုက်လက္ခဏာဖြင့် ခရီးဆက်မှာလား။ အများအကျိုး အတွက် အပေးသဘောဆောင်သော " ဖောင် " ၏ သရုပ်သကန်ဖြင့် ရှင်သန်မည်လား ခွဲခြားဖို့ပင် ကွဲပြားဖို့ပင်။

Written by ရွှေဒါးမောင်လေးရည်
eleven media group