အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း မလာရောက်နိုင်

ပို့စ်တင်ချိန် - 12/09/2013 07:45:00 AM


၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က)တွင် ပါဝင်သော အင်ဒိုနီးရှား အမျိုးသမီး လက်ရွေးစင် အသင်းမှာ အကြောင်းကြောင်းကြောင့် လာရောက် ယှဉ်ပြိုင်နိုင်ခြင်းဟု တရားဝင် အကြောင်းလာ သောကြောင့် အုပ်စု (က) ပွဲစဉ် ပွဲချိန်များ အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်။

မူလက အုပ်စု (က)တွင် အိမ်ရှင်မြန်မာနှင့် အတူ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အသင်းများ ပါဝင်ရာ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ဒီဇင်ဘာလ ၁၀ရက်၊ ၁၃ရက်၊ ၁၅ရက်နေ့များတွင် ပထမပွဲအား ညနေ ၄နာရီတွင် လည်းကောင်း၊ ဒုတိယပွဲအား ညနေ ၆း၄၅နာရီတွင် လည်းကောင်း ကစားရန် ပွဲစဉ်ရေးဆွဲ ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုအခါ အင်ဒိုနီးရှား အမျိုးသမီး လက်ရွေးစင် အသင်းမှာ အကြောင်းကြောင်းကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါသဖြင့် တစ်ရက်လျှင် တစ်ပွဲနှုန်းသာ ကစားရမည် ဖြစ်ပြီး ပွဲစဉ်တိုင်းအား ညနေ ၄နာရီ အချိန်တွင် ကစားစေရန် အာရှဘောလုံး အဖွဲ့ချုပ်က ပြန်လည်ရေးဆွဲ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာ ၁၀ရက်နေ့ ညနေ ၄နာရီတွင် မြန်မာနှင့် ဖိလစ်ပိုင်၊ ၁၃ရက်နေ့ ညနေ ၄နာရီတွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ ၁၅ရက်နေ့ ညနေ ၄နာရီတွင် ဗီယက်နမ်နှင့် မြန်မာတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပွဲများ တရားဝင် ရေးဆွဲသတ်မှတ်ပြီး ရက်ပိုင်း အကြာတွင် အုပ်စု (ခ)တွင် ပါဝင်သော တီမော အမျိုးသမီး အသင်းမှာလည်း ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်တော့၍ အုပ်စု (ခ) ပွဲစဉ် အားလုံးကိုလည်း ညနေ ၄နာရီတွင် တစ်ရက် တစ်ပွဲနှုန်းသာ ယှဉ်ပြိုင်ကစားစေရန် အာရှ ဘောလုံးအဖွဲ့ချုပ်က ပြင်ဆင်ရေးဆွဲ သတ်မှတ်ခဲ့သည်။ ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပွဲ အားလုံးကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစား ကွင်းသစ်ကြီးတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။
Myanmar Football Federation