ဦးခေါင်းကြီးရောဂါ ခံစားနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလို

ပို့စ်တင်ချိန် - 12/20/2013 03:38:00 PM


မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ ကက်သလစ် ခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းတွင် ခိုလှုံ နေထိုင်လျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦးမှာ မွေးရာပါ ဦးခေါင်းကြီး ရောဂါ ခံစားနေရသဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် အကူအညီ လိုအပ်လျက် ရှိကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် စစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရှိရသည်။

ဦးခေါင်းကြီးရောဂါ ခံစားနေရသော ကလေးငယ် မောင်ဂျိုးဇက် မျိုးအောင်သည် မွေးကင်းစ အရွယ်တွင် မည်သည့် ရောဂါမျှ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အသက်လေးလ အရွယ်ခန့်တွင်မှ ပါးစပ်မှ ရေများ ပန်းထွက်လာသည့် ရောဂါလက္ခဏာ စတင်ဖြစ်ပွားလာခဲ့သည့် နောက်ပိုင်း ဦးခေါင်းမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ရာ သူ၏ဦးခေါင်းကို မနိုင်သဖြင့် ထိုင်ပင် မထိုင်နိုင်ခဲ့ကြောင်း မိုးမောက် စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

မောင်ဂျိုးဇက် မျိုးအောင်တို့ မိသားစုသည် မိုးမောက် စစ်ရှောင်စခန်းသို့ မရောက်မီ ကျရီဆိုသော ရွာတွင် နေထိုင်ခဲ့ပြီး မောင်ဂျိုးဇက်မျိုးအောင် ခုနစ်နှစ် အရွယ်ထိ ထိရောက်သော ဆေးကုသမှုများ မလုပ်နိုင်၍ ကျရီရွာ၌ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မန္တလေးသို့ သွားရောက် ဆေးကုသနိုင်ရန်အတွက် ကူညီထောက်ပံ့ ပေးခဲ့သဖြင့် စစ်မဖြစ်မီ အချိန်ထိ သုံးနှစ်ခန့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဦးခင်မောင်လွင်နှင့် ပြသကာ ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ဒေါက်တာ ဦးခင်မောင်လွင်က ဦးခေါင်းအတွင်း၌ ရေအိတ် တည်ရှိနေသည်ကို စမ်းသပ် တွေ့ရှိရသဖြင့် ဦးခေါင်းမှ ဆီးလမ်းကြောင်းအထိ ပိုက်တစ်ချောင်း ထည့်သွင်းကာ ခွဲစိတ် ကုသပေးထားရာ ယခုအချိန်ထိ ဆီးသွားသည့် အချိန်တိုင်း ဦးခေါင်းရှိ ရေများ တစ်ပါတည်း ထွက်သွားရန်အတွက် ယာဘက် ချိုစောင်းကို နှိပ်ပေးရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ ခြောက်လ တစ်ကြိမ်ခန့် သွားရောက် ဆေးကုသ နေရသော်လည်း မိုးမောက် စစ်ရှောင်စခန်းသို့ ရောက်ရှိသည့် ၂ နှစ်ကျော် ကာလအတွင်း ၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်းက နောက်ဆုံး တစ်ကြိမ်အဖြစ် သွားရောက် ကုသမှု ခံယူထားကာ ဆရာဝန်များက ၂၀၁၃ ခုနှစ် ဧပြီလတွင် တစ်ကြိမ် ပြန်လည် ပြသရန် ချိန်းဆို ခဲ့သော်လည်း သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း မောင်ဂျိုးဇက် မျိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်မိုင်ကြည်ကြည်ဌေးက ဆိုသည်။

“နောက်ဆုံးတစ်ခေါက် သွားတုန်းက ဆရာဝန်ကြီးက မင်းတို့ အလှူရှင် မရှိတော့ဘူး။ နောက်တစ်ခါဆို ကိုယ့်စရိတ်နဲ့ကိုယ် လာရမယ်ဆိုပြီး ထပ်ချိန်းတာ။ အဆင်မပြေလို့ သွားမကုနိုင်တော့ဘူး။ သူ့ခေါင်းမှာ ထည့်ထားတဲ့ ပိုက်အခြေအနေကို ခွဲစိတ်ကြည့်ပြီး ပိုက်အသစ် ပြန်ထည့်ရမယ်။ မကုဘဲထားရင် ပိုဆိုးမယ်လို့ ဆရာဝန်တွေက ပြောတယ်။ အားဆေးတွေ မသောက်နိုင်တာလည်း ကိုးလလောက် ရှိပြီ။ စစ်ရှောင်စခန်း ရောက်လာတော့ အရမ်းခက်ခဲသွားတယ်။ ခေါင်းမနိုင်လို့ လမ်းမလျှောက်နိုင်တဲ့ အတွက် ခြေထောက်တွေပါ သေးသွားတယ်။ သူ့အသက်အရွယ်နဲ့ တန်တဲ့ အသိဉာဏ်လည်း မရှိတော့ဘူး” ဟု မိခင်ဖြစ်သူက ဆိုသည်။

မောင်ဂျိုးဇက် မျိုးအောင်၏ ဆေးကုသစရိတ်မှာ အခြားမည်သည့် ဆေးဝါး ကုသစရိတ်မှ မပါဝင်သေးဘဲ ယခုအသစ် ထပ်မံထည့်သွင်းရမည့် ပိုက်တစ်ချောင်းပင် ကျပ်တစ်သိန်းကျော် ကျသင့်ပြီး မန္တလေးမြို့သို့ သွားလာစရိတ်မှာ ကျပ်သုံးသိန်းခန့် ကုန်ကျမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတစ်ကြိမ် ဆေးကုသရန်အတွက် မန္တလေးမြို့သို့ သွားရောက်စဉ်က ကရုဏာ မြန်မာလူမှုကူညီရေးအဖွဲ့ (ဗန်းမော်) က ငွေကျပ်လေးသိန်း ကူညီ ထောက်ပံ ပေးခဲ့ကြောင်း မိုးမောက် စစ်ရှောင်စခန်း တာဝန်ခံ၏ ပြောပြချက်အရ သိရသည်။

မောင်ဂျိုးဇက်မျိုးအောင်တို့ မိသားစုသည် အစိုးရနှင့် ကေအိုင်အို တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကျရီရွာမှ မိုးမောက်မြို့ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။
The Voice Weekly Myanmar