ပြည်တွင်းစားသောက်ကုန်များ ဂျပန်စက်များဖြင့် အရည်အသွေး စစ်ဆေးမည်

ပို့စ်တင်ချိန် - 12/27/2013 09:20:00 AM



မျိုးသန့်|ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

မန္တလေးတိုင်းအတွင်းရှိ စားသောက်ကုန်လုပ်ငန်းများမှ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းလာနှင့် စားသောက်ကုန်ပစ္စည်းများနှင့် အရည်အသွေးပိုင်းဆိုင်ရာ ကွာဟမှုမရှိစေရန် အတွက် စားသောက်ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးစက်များ တိုးချဲ့ တပ်ဆင်ကာ စစ်ဆေးမှုများ ပြု လုပ်သွားမည်ဟု မန္တလေးတိုင်း စားသောက်ကုန်အသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောသည်။

“ပြည်တွင်းကထုတ်တဲ့ စားသောက်ကုန်ပစ္စည်း အရည်အသွေး တိုးတက်လာစေဖို့နဲ့ ပြည်ပက တင်သွင်း တဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ယခုလို တပ်ဆင်တာ ဖြစ်ပါတယ်။ လက်ရှိ မန္တလေးမှာ စားသောက်ကုန်ပစ္စည်းစစ်ဆေးတဲ့စက် ၂၆ လုံး ရှိပါတယ်။ အခု ငါးလုံး ထပ်တိုး တပ်ဆင်ပေးမှာဖြစ်ပါတယ်”ဟု ဦးစန်းဝင်းက ပြောသည်။

တပ်ဆင်ဆောင်ရွက်ပေးသည့် စက်ကိရိယာများအား ဂျပန်နိုင်ငံမှ ပညာရှင်များက လာရောက်တပ်ဆင် ဆောင်ရွက်ပေးခြင်းဖြစ်ကာ အသုံးပြုပုံနည်းစနစ်များ၊ စစ်ဆေးရာတွင် အသုံးပြုသည့်ပစ္စည်းများ အားလုံး ကို ဂျပန်နိုင်ငံပညာရှင်များထံမှ ၀ယ်ယူကာ အသုံးပြုခြင်းဖြစ်သည်။ စက်တစ်လုံးကုန်ကျစရိတ်အဖြစ် ကျပ်သိန်း သုံးဆယ်ဝန်းကျင် ကုန်ကျသည်။

တပ်ဆင်ထားရှိသည့် စားသောက်ကုန်ပစ္စည်းရောင်းချသူများအား စစ်ဆေးပြီး ထွက်ပေါ်လာသော ကုန် ဆုံးရက်များ သတ်မှတ်ချက်များကို စားသုံးသူများသိရှိရန် မဖြစ်မနေ ဖော်ပြသွားရန်လည်း အသင်းအနေ ဖြင့် တိုက်တွန်းပြောဆိုမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

“ကုန်ကျစရိတ်ကြီးမြင့်ပေမယ့်၊ တကယ်လက်တွေ့မှာ စားသုံးသူတွေ ထိခိုက်မှုမရှိစေဖို့နဲ့ အရည်အသွေး ပိုင်းဆိုင်ရာ ပိုမိုလုံခြုံစေဖို့အတွက် အခုလို တပ်ဆင်တာဖြစ်ပါတယ်။ စစ်ဆေးမှုအနေနဲ့ တစ်ပတ်ကို နှစ်ခါ စစ်ဆေးပါတယ်။တစ်ခါစစ်ဆေးရင် ကျပ် ၈,၅၀၀ ကျသင့်ပါတယ်။ စက်တပ်ဆင်ခကုန်ကျစရိတ်ကတော့ အပြီးအစီး ကျပ်သိန်းသုံးဆယ်ကျော်ပါတယ်”ဟု လကမ္ဘာမုန့်တိုက်ပိုင်ရှင် ဦးစောမြင့်က ပြောသည်။

တပ်ဆင်နိုင်သော လုပ်ငန်းရှင်များရှိသော်လည်း စက်တစ်လုံး ကုန်ကျစရိတ်မြင့်မားသောကြောင့် စား သောက်ကုန်လုပ်ငန်းရှင်များအသင်းအနေဖြင့် မတပ်ဆင်နိုင်သော အသေးစား စားသောက်ကုန်လုပ်ငန်း ရှင်များအတွက် စစ်ဆေးနိုင်ရန်အတွက် စားသောက်ကုန်အသင်းတွင် စစ်ဆေးမှုပြုလုပ်နိုင်ရန် စက်များ ကို တပ်ဆင်ဆောင်ရွက်ထားရှိသည်။

“စက်ကို အသင်းမှာ ထားရှိပါတယ်။ စစ်ဆေးတဲ့အခါမှာ အခကြေးငွေ သတ်မှတ် စစ်ဆေးရမှာဖြစ်ပါ တယ်။ တစ်ခါစစ်ဆေးရင် ကျပ် ၁၂,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ စစ်ဆေးဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပေမယ့် စစ်ဆေးပေးမယ့် ၀န်ထမ်းမရှိတာကြောင့် သုံးလလောက်နေမှ စစ်ဆေးပေးမှုတွေကို လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဦးစန်းဝင်းက ဆက်လက် ပြောသည်။

စစ်ဆေးရေးစက်များကို ထပ်မံတပ်ဆင် ဆောင်ရွက်လိုသူများကိုလည်း အသင်းထံ စာတင်ပြလျှင် တပ် ဆင်ရန်အတွက် လုပ်ဆောင်ပေးကြောင်း၊ အသင်းဝင်များကို အဓိက ဦးစားပေးအနေဖြင့် တပ်ဆင်မှုများ ကို လုပ်ဆောင်ပေးနေသည်။ မန္တလေးတိုင်းဒေသကြီး စားသောက်ကုန်အသင်းတွင် အသင်းဝင်ပေါင်း ၁၆၀ ကျော်ရှိသည်။

Mizzima Burmese