ရခိုင့်နိုင်ငံတော်ကျဆုံးနေ့အခမ်းအနားတွင် အမေရိကန်ရောက် ရခိုင်အမျိုးသားများက တပ်မတော် တစ်ခုတည်းဖြစ်ရန် တောင်းဆို

ပို့စ်တင်ချိန် - 12/30/2013 11:55:00 AM



ရက္ခိုင်လူမူ အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော ချီကာဂိုမြို့ အခမ်းအနားသို့ တက်ရောက်လာကြသူများ။

ဒီဇင်ဘာလ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ ပြည်နယ်အချို့တွင် ကျင်းပခဲ့သော (၂၂၉) နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးနေ့ အောက်မေ့ ၀မ်းနည်းဖွယ် အထိမ်းအမှတ် အခမ်းအနားတွင် ကွဲပြားနေသော ရခိုင်လက်နက်ကိုင် တပ်မတော် (၂) ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းကြရန် ရခိုင်အမျိုးသားများက တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရက္ခိုင်လူမူ အဖွဲ့အစည်းမှ ကြီးမှူးပြီး  အမေရိကန် ပြည်ထောင်စု အီလီနွိုက် ပြည်နယ် ချီကာဂိုမြို့တွင် ကျင်းပခဲ့သော (၂၂၉) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးနေ့တွင် ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တောင်းဆိုတာက အချက် (၃) ချက်ရှိပါတယ်။ အဓိက တောင်းဆိုတာကတော့ ရခိုင်ပြည်သူလူထု အတွက် တစ်ခုတည်းသော လက်နက် ကိုင်တပ်ဖွဲ့ တစ်ခု ပေါ်ပေါက်ရေး ဖြစ်ပါတယ်။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခု ရှိနေတာကို တစ်ခုတည်းအဖြစ် ပေါင်းစည်းကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အခမ်းအနားအား ဦးဆောင်စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုကျော်ထူးအောင်က နိရဉ္စရာသို့ ပြောသည်။

၎င်းလက်နက်ကိုင် အဖွဲ့ (၂) မှာ လက်ရှိ အစိုးရနှင့် အပစ်ရပ်ထားသော ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ( Arakan Liberation Army) နှင့် ကချင်ဒေသ အခြေစိုက် ရက္ခိုင့်တပ်မတော် (Arakan Army) တို့ ဖြစ်ကြသည်။

“ ဘာကြောင့် တောင်းဆိုရသလဲဆိုတော့ လူမျိုး တစ်မျိုးမှာ တပ်မတော် တစ်ခုဘဲ ရှိသင့်တယ်။ ပီးရင် ဒီအချိန်မှာ ရခိုင်အချင်းချင်း သူ့ပါတီ၊ ကိုယ့်ပါတီ။ သူ့တပ်မတော်၊ ကိုယ့်တပ်မတော် ဆိုပြီး ကွဲပြားနေရမယ့် အချိန်မဟုတ်တော့ဘူး။ တမျိုးသားလုံး သွေးစည်းညီညွတ်စွာနဲ့ အမျိုးသားရေးကို ကာကွယ်ကြရမယ့်အချိန်၊ လက်တွဲ လုပ်ဆောင်ကြရမယ့် အချိန် ဖြစ်တာကြောင့် ခုလို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းပြင် အမေရိကန်တွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ အပါအ၀င် တခြားရခိုင်ပြည်သူများအနေဖြင့် တကိုယ်ရေ စွမ်းရည်မြင့်တင်ရန်နှင့် ၂၂၉ နှစ်တိုင်တိုင် အမှောင်ကျနေသော ရခိုင်ပြည်အား ကယ်တင်ရန် အတွက် ရခိုင်တမျိုးသားလုံးက ရောက်သည့်နေရာ၊ ကျရာတာဝန်မှ  အသီးသီး ၀ိုင်းဝန်း ကူညီကြရန် တောင်းဆို ခဲ့ကြသည်ဟု သူကပြောသည်။

“ တစ်ကိုရည် စွမ်းရည် မြင့်ပြီးမှ နိမ့်ကျနေတဲ့ ရခိုင်စီးပွားရေး၊ လူမူရေး စတာတွေကို မြင့်တင်နိုင်မယ်။ ဒါကြောင့် ကိုယ့်ဒူး ကိုယ်ချွန်ပြီး မိမိတို့ရဲ့ အရာရာ စွမ်းရည်ကို တတ်တအား မြှင့်တင် ကြိုးစားကြဖို့တိုက်တွန်း တောင်းဆိုတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည် အမှောင်ကျနေတာဟာ ၂၂၉ နှစ် ရှိပြီ ဖြစ်ပါတယ်။ အမှောင်ကမ္ဘာကို အလင်းသယ်ဆောင်နိုင်အောင် ကျနော်တို့က တတတ်အား လုပ်ဆောင်ဖို့  သံဓိဌာန် ချထားသလို ရခိုင်ပြည်သူ လူထုကိုလည်း အနာဂတ်ကို ပုံဖေါ်တဲ့ နေရာမှာ ၀ိုင်းဝန် ကူညီကြဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်” ဟု ယင်းက ဆိုသည်။

ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပသော  ဂျော်ဂျီယာပြည်နယ် အခမ်းအနားသို့ တက်ရောက်လာကြသူများ။
ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပသော ဂျော်ဂျီယာပြည်နယ် အခမ်းအနားသို့ တက်ရောက်လာကြသူများ။

(၂၂၉) နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးနေ့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်သော်လည်း တနင်္ဂနွေနေ့မှာ ရုံးအားလပ်ရက်ဖြစ်သဖြင့် (၂) ရက် စောပြီးကျင်းပရခြင်း ဖြစ်ကြောင်း၊ အခမ်းအနားကို နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီထိ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ လူပေါင်း (၆၀) ခန့် တက်ရောက်ခဲ့ကြောင်း သူက ပြောဆိုသည်။

၎င်းအခမ်းအနားတွင် တက်ရောက်လာကြသူများအနေဖြင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီးလည်း  အမြင်ချင်းဖလှယ်ပြီး တွေ့ဆုံဆွေးနွေးမူများလည်း ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

“ ကျနော်တို့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ အချိန်မှာ ရခိုင်သားတွေရဲ့ ကိုယ်လက်ထဲမှာ ကိုယ်ကံကြမ္မာ ဖန်တီးခွင့် မရှိတဲ့ အတွက် ဖြစ်ပျက်နေတဲ့ အခြေအနေတွကို သုံးသပ်ခဲ့ကြပါတယ်။ ဒါ့ပြင် သမိုင်းထဲက သင်ခန်းစာတွေယူနိုင်ဖို့၊ အနာဂတ် အတွက် ဘယ်လို ဆက်လုပ်ကြမလဲ။ အထူးသဖြင့် အမေရိကားမှာ ရှိတဲ့နေတဲ့ ရခိုင်လူမျိုးတွေ အနေနဲ့ လက်ရှိ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရေး အခင်းအကျင်းမှာ ဘယ်လို အကူအညီတွေ ပေးနိုင်ကြမလဲ။ ရခိုင်သားတွေရဲ့ လိုအပ်တဲ့ လူသား စွမ်းရည်၊ တစ်ကိုယ်ရည် စွမ်းရည် မြင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ကိုကျော်ထူးအောင် ပြောဆို သွားပါသည်။

အလားတူ (၂၂၉) နှစ်မြောက် ရခိုင်အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနား တစ်ခုကို အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင် ရခိုင်လူမူ အသင်းမှ ကြီးမှူးပြီး ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။

Burmesenews narinjara