ထောင်ခုနစ်ရက်ကျအကျဉ်းသား အင်းစိန်ထောင်ရောက်ပြီး ၂၄ နာရီအတွင်း သေဆုံးသွား

ပို့စ်တင်ချိန် - 12/23/2013 04:11:00 PM

အင်းစိန်ထောင်အတွင်း တစ်နေရာဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) 7day Daily 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ခုနစ်ရက်ကျသည့် အကျဉ်းသားတစ်ဦးထောင်ထဲရောက်ပြီး ၂၄ နာရီအတွင်းထောင်ဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။ သာကေတမြို့နယ်အတွင်းနေအမျိုးသားတစ်ဦးသည် ရန်ကုန်ရဲအက်ပုဒ်မ-၄၁(၁၄)ဖြင့် သာကေတမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၉ ရက်တွင် ထောင်ဒဏ်ခုနစ်ရက်စီရင်ချက်ချမှတ်ခံခဲ့ရသည်။

ထို့ကြောင့်အင်းစိန်ဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ် (၁) အခန်း ၅ ၌ ညဘက်တွင်ချုပ်နှောင်ထားစဉ် အသည်းနှင့် အူအတက်ရောဂါဖြစ်ပွားသောကြောင့် ၎င်းအကျဉ်းသားကို ထောင်ဆေးရုံသို့ ပို့ကာ ဆေးကုပေးခဲ့သည်။ ထိုသို့ ထောင်ဆေးရုံတွင်ဆေးကုပေးနေစဉ် နောက်တစ်နေ့ဒီဇင်ဘာ ၂၀ ရက် ညနေအချိန်၌ အကျဉ်းသားမှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏အလောင်းကို စစ်ဆေးကြည့်ရာ ပြင်ပဒဏ်ရာမတွေ့ဘဲ ယင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန်အင်းစိန်မြို့မရဲစခန်းကသေမှု သေခင်းဖြင့်အမှုဖွင့်ပြီး အင်းစိန်မြို့မစခန်းမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက် တွင်ပြောသည်။

7 Day Daily