မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်သည့် ပူးပေါင်းအဖွဲ့အား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နှောင့်ယှက်ပစ်ခတ်

ပို့စ်တင်ချိန် - 12/24/2013 04:42:00 PM


ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့နယ်အတွင်း နယ်မြေခံ သတင်းပေးချက်အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်မတော်စစ်ကြောင်းက လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဆုံလောကျေးရွာမှ စတင်ထွက်ခွာ၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်စဉ် နံနက် ၁ဝ နာရီခန့်တွင် ဆုံလောကျေးရွာနှင့် ပါခါးကျေးရွာအကြား လုကန်ရွာအနီးသို့ ရောက်ရှိစဉ် အသင့်စောင့်ဆိုင်းနေသော အင်အား ၅ဝ ခန့်ရှိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စောင့်ကြိုမိုင်းဆွဲ တိုက်ခတ်ပြီး ဗုံးပစ်လောင်ချာ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခုခံကာကွယ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် အဆိုပါ လက်နက်ကိုင် အဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လိုက်လံရှင်းလင်းခဲ့ရာ ဘယ်ဘက်လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်းတံဆိပ်၊ ညာဘက်လက်မောင်းတွင် ဓားနှစ်လက်ပါ လက်မောင်းတံဆိပ်နှင့် ရင်ဘတ်တွင် S.S.ARMY စာတန်းပါ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသော အလောင်းတစ်လောင်း၊ လမ်းလျှောက် စကားပြောစက် တစ်လုံး၊ မိုင်းနှင့်ဖောက်ခွဲ တိုက်ခိုက်ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး ပေ ၅ဝ ခန့် တစ်ချောင်းနှင့် ဝါယာကြိုးပေ ၅ဝ ခန့်တစ်ချောင်း၊ ဓာတ်ခဲအသေး ခြောက်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် စစ်သည်တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းက လက်နက်ကိုင် အဖွဲ့နောက်သို့ လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရသည်။ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ နှောင့်ယှက်ပစ်ခတ်ခြင်းများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ရည်မှန်းချက် အောင်မြင်ရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge