မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မြွေသေတ္တာအလုံး ၃၀ တွေ့

ပို့စ်တင်ချိန် - 12/10/2013 03:45:00 PM


မန္တလေး၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချော ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် မြွေသေတ္တာ အလုံး၂၀ တွေ့ရှိခဲ့ကြောင်း အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်က စီနိုထရပ်ယာဉ် အမျိုးအစား ၂၂ ဘီး နောက်တွဲယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ယင်းယာဉ် ပေါ်မှ မြွေမျိုးစုံ ထည့်ထားသော အလျား၂၈ လက်မ၊ အနံ ၁၉ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ သစ်သားသေတ္တာ အလုံး ၃၀ ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

"တရုတ်ပြည်ဘက်ကို မြွေ၊ လိပ် အကုန်သယ်တယ်။ ကားသမား ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်" ဟု အဆိုပါ ၁၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ရှိသူက ထပ်မံပြောဆိုသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ယာဉ်နှင့် မြွေမျိုးစုံ ထည့်ထားသော သစ်သား သေတ္တာအလုံး ၃၀ ကို သစ်တောဦးစီးဌာနက သစ်တောဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
The Voice Weekly Myanmar