လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အမှု အမိန့်ချမည့်ရက် ထပ်မံရွှေ့ဆိုင်း

ပို့စ်တင်ချိန် - 12/27/2013 12:13:00 PM


လျှပ်တစ်ပြက် ဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံနှင့် ပတ်သက်၍ တရားစွဲဆို ခံထားရသည့် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ အမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်မည့် ရက်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမှုကို ဒီဇင်ဘာလ ၂၆ ရက်နေ့ အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆို ထားသော်လည်း အမှုကို စီရင်ဆုံးဖြတ်မည့် တရားသူကြီးသည် ကျန်းမာရေး မကောင်းသောကြောင့် ရက်ထပ်မံ ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံထားရသူ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောကြားသည်။

“ကျန်းမာရေး မကောင်းလို့ ပြောတာပဲ၊ ပထမကနှစ်ပတ် နောက်ဆုတ်တာ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ရှေ့နေက အဲဒီရက်မှာ မအားတာကြောင့် ၇ ရက်နေ့ကို တောင်းလိုက်တာ၊ ရုံးချိန်း ဘယ်နှကြိမ် ရှိသွားပြီလဲဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး။ နှစ်ပတ်ခြား၊ တစ်ပတ်ခြား သွားနေရတာ တစ်နှစ်ခွဲလောက် ရှိပြီလေ” ဟု ၎င်းရှင်းပြသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးမြတ်ခိုင်၏ဘက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွန့်က လိုက်ပါ ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ပြန်လည် စတင်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ရန် ရှိသဖြင့် ယင်းကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးမြတ်ခိုင်က ပြောကြားသည်။
“အမိန့်ချဖို့ တရားသူကြီးမှာ အဆင်သင့် မဖြစ်သေးလို့ ဖြစ်မှာပေါ့။ အမှုကြန့်ကြာခြင်း၊ မကြာခြင်းကိုတော့ ဦးတို့အနေနဲ့ ဘာမှပြောလို့မရဘူး။ ဆုံးဖြတ်လိုက်တဲ့ အမိန့်ကိုသာ ဥပဒေနဲ့ ညီမညီကြည့်ပြီး အယူခံဝင်သင့်၊ မဝင်သင့် ဆက်လုပ်ရမှာ” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ပြောကြားသည်။

ရခိုင်တိုင်းရင်းသူ မသီတာထွေးကို အစ္စလာမ် ဘာသာဝင် အမျိုးသားသုံးဦးက အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့ရာမှ စတင်ခဲ့သော ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှုများတွင် အဆိုပါ အမျိုးသမီး၏ ဓာတ်ပုံကို ဂျာနယ် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းကြောင့် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် မေးမြန်းရာ တစ်စုံတစ်ရာ ပြန်လည် ဖြေဆိုခြင်းမရှိပေ။

ဦးမြတ်ခိုင်ကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့သည် အာမခံပေးပိုင်ခွင့် မရှိသော ပုဒ်မများ ဖြစ်သော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၇ အရ တရားရုံးက အာမခံပေးထားခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ခွဲ ခန့်ကြာသည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly Myanmar