ဂျပန်ခေတ်က နမ္မတူ ဘော်တွင်းတွင် မွေးဖွားခဲ့သည့် သြစတြေးလျ နိုင်ငံသား ဘော်တွင်းသို့ လာရောက်လေ့လာ

ပို့စ်တင်ချိန် - 12/02/2013 11:06:00 AM



(သြစတေးလျ နိုင်ငံသား Mr. Grahan Smith နှင့် မိသားစုတို့ တိုက်ဂါးဂူသို့ သွားရောက်လေ့လာစဉ်)
ဂျပန်ခေတ်က နမ္မတူ ဘော်တွင်းတွင် မွေးဖွားခဲ့သော သြစတြေးလျ နိုင်ငံသားမှ ဘော်တွင်းသို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိကာ မန္တလေး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်သို့လည်း ၁၄ ရက်ကြာ လည်ပတ်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် နမ္မတူဒေသတွင် ယင်းနေထိုင်ခဲ့စဉ်က နေအိမ်၊ မွေးဖွားရာ ဆေးရုံနှင့် ယင်း၏အဖေ အလုပ်လုပ်ကိုင်ခဲ့သော ဘော်တွင်းသို့လည်း သွားရောက်လေ့လာခဲ့ပြီး ဘော်တွင်းအလုပ်သမားများ၏ ကျန်းမာရေးနှင့် ပညာရေးအား နည်းချက်များကို တွေ့ရှိခဲ့သောကြောင့် ယင်းမှထောက်ပံ့ ကူညီပေးချင်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော့် နိုင်ငံကူး လက်မှတ်ထဲမှာ မွေးဖွားရာ ဇာတိကိုက နမ္မတူလို့ ပါပါတယ်။ ကျွန်တော် ငါးနှစ်သားလောက်က သြစတြေးလျကို အမေနဲ့ ပြန်သွားပြီး ကတည်းက ဒီကိုပထမဆုံး ပြန်လာတာပါပဲ။ ဒီဘော်တွင်းမှာ တာဝန်ခံ အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ ကျွန်တော့်အဖေရဲ့ အမှတ်တရတွေ ရှိခဲ့တော့ ဒီကိုပြန်လာ ကြည့်ချင်တာလည်း ကြာပါပြီ။ ဒါပေမဲ့ အခုမှ လာလည်ဖြစ်သွားတယ်။ ဒီရောက်တော့ ဒီကဘော်တွင်း အလုပ်သမားတွေရဲ့ နေထိုင်ရတဲ့ ပုံစံတွေကို မြင်ရတော့ စိတ်ထဲမှာမကောင်းဘူး။ ကျွန်တော့်အဖေ အလုပ်လုပ်တုန်းက ၆၀၀၀ ကျော်လောက် ရှိတယ်။ ပြီးတော့ အလုပ်သမားတွေ အတွက်ဆိုပြီး ကျန်းမာရေး၊ ပညာရေးကအစ၊ အရာရာ အကုန်အဆင်ပြေတယ်။ အခုတော့ အလုပ်သမား ၄၀၀၀ လောက် ရှိပြီးတော့ သူတို့တွေရဲ့ ကျန်းမာရေး၊ ပညာရေး တော်တော်ဆိုးသေးတယ်။ ဒီအတွက် မြန်မာကို ပြန်လာပြီး သူတို့တွေအတွက် ကူညီပေးချင်တာပါ" ဟု နမ္မတူ ဘော်တွင်းတွင် မွေးဖွားခဲ့သော သြစတြေးလျ နိုင်ငံသားဖြစ်သူ Mr. Grahan Smith က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ယင်းမွေးဖွားရာဇာတိ နမ္မတူမြို့သို့ လာရောက်လည်ပတ် ချင်သော်လည်း မြန်မာနိုင်ငံ၏ ကန့်သတ်ဒေသများထဲတွင် တစ်ခုအပါအ၀င် ဖြစ်သောကြောင့် လာရောက်နိုင်ခြင်း မရှိခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း ကန့်သတ်ဒေသများသို့ သွားရောက်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော Mr. Grahan Smith ၏ မိတ်ဆွေများက ပြောပြခဲ့သောကြောင့် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ သြစတြေးလျ နိုင်ငံသား Mr. Grahan Smith တို့ကို ခရီးသွားများ သွားရောက်လေ့ရှိသော ဒေသများသို့လည်း သွားရောက်လည်ပတ်ရန် ပို့ဆောင်ပေးခဲ့ကြောင်း RubyLand ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးကျော်မှ ပြောကြားခဲ့သည်။

"သူတို့က တစ်နေရာရာကို အချိန်ပေးပြီး လေ့လာတယ်။ စုံစုံစိစိ ကြည့်ကြတယ်။ သာမန်ခရီးသွားတွေ လည်ပတ်သလို မဟုတ်ဘူး။ မန္တလေး၊ အင်းဝ၊ စစ်ကိုင်းဘက်တွေပါ အကုန်သွားတာ။ ရှမ်းပြည်နယ် ဆိုရင်လည်း သီပေါ၊ လားရှိုး၊ ညောင်ရွှေ၊ အင်းလေး အစုံပဲ။ ပြီးတော့ နမ္မတူမှာ ကျားခြေရာတွေ တွေ့ခဲ့တဲ့ နေရာမို့ တိုက်ဂါးဂူလို့ ခေါ်တဲ့ဂူကို ဖောက်ပြီး သံလမ်းခင်းထားတဲ့ ဘော်တွင်းတွေကို သွားလေ့လာတယ်။ ဘော်တွင်းက ဓာတ်သတ္ထုတွေ ဖော်ထုတ်ပြီး သန့်စင်တာတွေ လုပ်တယ်လေ။ အဲဒီဘော်တွင်းထဲကို ဆင်းတဲ့ ဓာတ်လှေကားသဘောမျိုး Shaft တွေဆိုရင် အခုထိ သုံးလို့ရနေ သေးတယ်" ဟု အဆိုပါ ခရီးသွားများကို ပို့ဆောင်ပေးသော Ruby Land ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

ယင်းသြစတြေးလျ နိုင်ငံသားမှာ မြန်မာနိုင်ငံသို့ ၁၄ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး သြစတြေးလျသို့ ပြန်ကာ ၂၀၁၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို နမ္မတူ ဒေသခံများနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



Eleven Media Group