လယ်ဆည်ဝန်ကြီး လယ်သမားများကို စိုးရွံ့နေဟု တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဝေဖန်

ပို့စ်တင်ချိန် - 12/05/2013 12:08:00 PM


ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

လယ်/ဆည်ဝန်ကြီးဌာန၏ စိုးရိမ်မှုကြောင့် တောင်သူလယ်သမားအဖွဲ့များ ဖွဲ့စည်းခွင့်အတွက် အဟန့် အတားဖြစ်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို ပြောသည်။

ဒေါက်တာစိုးထွန်းဦးဆောင်သည့် တောင်သူလယ်သမားအသင်း ဖွဲ့စည်းခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွင်း ဖွဲ့စည်းခွင့်ပြုခဲ့သော်လည်း ဖွဲ့စည်းခွင့်ရရှိပြီး နောက်တစ်နေ့တွင်ပင် ပြန်လည် ဖျက်သိမ်းခံခဲ့ရ ခြင်း ဖြစ်သည်။

“၀န်ကြီးဌာနက လယ်သမားတွေ စုမိမှာကို စိုးရိမ်ပူပန်တာက အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို အဟန့်အတား ဖြစ်နေတယ်”ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနသို့ မေလမှစတင်ကာ ဖွဲ့စည်းခွင့်လျှောက်ထားခဲ့သော်လည်း ယနေ့တိုင် ဖွဲ့စည်း ခွင့်ပြုချက် မရရှိသေးခြင်းကို လွတ်လပ်သော တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က လည်း ဝေဖန်ပြောဆိုသည်။

“ကျွန်တော်တို့ကတော့ လယ်ယာမြေဥပဒေတွေထဲမှာ ပါတဲ့အတိုင်းဆို လယ်သမားတိုင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်ဆိုလို့ ဖွဲ့စည်းခွင့် တင်ထားတယ်။ ဥပဒေနဲ့အညီ လုပ်တယ်။ ဥပဒေအတိုင်း လုပ်တာကို ပြဋ္ဌာန်းချက်အတိုင်း မချပေးတာတော့ ဘယ်သူတွေက မှားနေတာလဲဆိုတာ စဉ်းစားစရာပဲ”ဟု ပြော သည်။

ဥတ္တရသီရိမြို့နယ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးမင်းသူကလည်း “ဒီလိုရည်ရွယ်ချက်မျိုးနဲ့ တားတာဆိုရင်တော့ လုံးဝ လက်မခံဘူး။ လွတ်လပ်စွာအ သင်းဖွဲ့တာကို လုံးဝ တားဖို့မလိုဘူးလို့ ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော်ကောင်စီအတွင်း လွန်ခဲ့သည် ၂၀၁၃ ဖေဖော်ဝါရီလမှ စတင်ကာ နိုဝင်ဘာလအထိ တောင်သူလယ်သမားအဖွဲ့ပေါင်း ၄၂ ဖွဲ့ လျှောက်ထားခဲ့သော်လည်း ဖွဲ့စည်းခွင့်နှစ်ဖွဲ့သာ ရရှိသေးသည်။

လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းတွင် တောင်သူလယ်သမားအဖွဲ့အစည်းပေါင်း ၅၀ ခန့်နှင့် ပြင်ဦးလွင်တွင် ၁၆ ဖွဲ့တို့မှာ ဖွဲ့စည်းခွင့် တင်ပြတောင်းခံထားသည်။

တောင်သူလယ်သမားများ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်အတွက် ၀န်ကြီးဌာနမှ အဟန့်အတားတစ်ခု ဖြစ်နေသည်ဟု ယူဆချက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆိုရန် အချိန်ရွှေ့ဆိုင်းထားသည်။

ဟိန်းကိုစိုး - Mizzima Burmese