နယ်စပ်တွင် မြန်မာတပ် လူပ်ရှားမူ အာသံရိုင်ဖယ် စီစစ်မည်

ပို့စ်တင်ချိန် - 12/25/2013 04:06:00 PM


နယ်စပ်တွင် ကင်းလှည့်နေသော အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- အင်တာနက်)

(နိရဉ္စရာ- ၂၄ ဒီဇင်ဘာ ၂၀၁၃)

မိုးရေးမြို့နှင့် ကပ်ရပ် တည်ရှိသော မြန်မာ- အိန္ဒိယ နယ်စပ်တွင် မြန်မာဘက်က တပ်အင်အားများ အကြီးအကျယ် ဖြည့်တင်းနေသည်ဆိုသော သတင်းဟုတ် မဟုတ်ကို စစ်ဆေးရန် အာသံရိုင်ဖယ်အား ညွှန်ကြားထားသည်ဟု The Economic Time တွင် ယနေ့ သတင်း ဖေါ်ပြသည်။

အင်ဖါးမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မူနီပူရ် Manipur ပြည်နယ် ပြည်ထဲရေးဝန်ကြီး Gaikhangam က တောင်ပိုင်း အာသံရိုင်ဖယ် အကြီးအကဲမှ ၎င်းအခြေအနေနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရသို့ များမကြာမှီ စာပေးပို့မည် ဖြစ်ပြီး ယင်းစာအား ဗဟို အစိုးရသို့လည်း မိတ္တူ ပေးပို့မည်ဟု ပြောဆိုသည်။

မြန်မာ စစ်တပ် အာဏာပိုင်များသည် မိုးရေးမြို့ အနီးရှိ နယ်စပ်တွင် အိန္ဒိယဘက်မှ Integrated Check Post – ICP-  (စစ်ဆေးရေးဂိတ်) တည်ဆောက်နေသည့် နေရာမှာ မြန်မာပိုင် နယ်မြေဖြစ်ကြောင်း ပြောဆိုထားပြီး ကန့်ကွက်ထားသည်ဟု သတင်းတွင် ဖေါ်ပြသည်။

၎င်းဆောက်လုပ်နေသော နေရာသည် မိုးရေးမြိုနှင့် မြန်မာ နယ်စပ်အကြားတွင် တည်ရှိပြီး မြန်မာဘက်ကမှ အိန္ဒိယသို့ အဓိက သွင်းကုန်များကို စစ်ဆေးသော ဂိတ်ဖြစ်သည်ဟု ဆိုသည်။

ယခု မြန်မာ စစ်တပ် အာဏာပိုင်များက ICP စစ်ဆေးရေးဂိတ် တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်းမှာ မြန်မာဘက်က တည်ဆောက်နေသော ခြံစည်းရိုးကို မူနီပူရ် အစိုးရနှင့် အိန္ဒိယ ဗဟိုအစိုးရ အာဏာပိုင်များက ကန့်ကွက်ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာဘက်က ခြံစည်းရိုးကာရံရာတွင် မူနီပူရ် ပြည်နယ်ထဲမှ မြေအစိတ်အပိုင်း အချို့ပါဝင်သည်ဟု ဆိုကာ အိန္ဒိဘက်က ကန့်ကွက်ထားကြောင်း သိရသည်။

အိန္ဒိယ ဗဟို အစိုးရသည် ခြံစည်းရိုးကာရံမူ အငြင်းပွားနှင့် ပတ်သက်ပြီး မြန်မာ အစိုးရနှင့် တွေ့ဆုံ ဖြေရှင်းရန် အကြိမ်ကြိမ် ချဉ်းကပ် ကြိုးစားနေသည်ဟု ဆိုသည်။

နောက်ထပ် သတင်း တပုဒ်တွင် ယခု ICP စစ်ဆေးရေး ဂိတ် တည်ဆောက်နေသော နေရာမှာ အိန္ဒိယ-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် BP (Border piller)  – ၇၇ နဲ့ ၈၇ ကြားတွင် ဖြစ်ပြီး နှစ်နိုင်ငံ နယ်နိမိတ် အပြီးပြတ် သတ်မှတ်မှု မရှိသေးသဖြင့် ယခုကဲ့သို့ ဆောက်လုပ်နေမူကို မြန်မာဘက်က အကြိမ်ကြိမ် ကန့်ကွက်ထားသော်လည်း အိန္ဒိယက ဆက်လက် တည်ဆောက်နေသည်ဟု ဖေါ်ပြသည်။

ယခုကဲ့သော အငြင်းပွားရာနေရာတွင် အိန္ဒိယဘက်က ICP အတွက် အဆောက်အဦး ဆောက်လုပ်ရန် ဆောင်ရွက်နေသဖြင့်  ထောင်ချီရှီသော  တမူးမြို့ခံများနှင့် အရပ်ဘက် လူမူ အဖွဲ့အစည်းများမှ ပူးပေါင်းပြီး တမူးမြို့ နန်းဖာလုံဈေးကနေ မြို့လယ်ထိ ယနေ့နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
Burmesenews narinjara