အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်

ပို့စ်တင်ချိန် - 12/05/2013 11:13:00 AM


ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မူးယစ်ဆေးနှင့် ဆက်စပ်ပတ်သက်မှုဖြင့် အနုပညာရှင်အချို့ကို ခေါ်ယူ စစ် ဆေးမှုများ ရှိခဲ့သည်ဟုလည်း ဒုရဲမှူး ခင်မောင်သိန်းက ပြောသည်။

“အခု လျှို့ဝှက်စစ်ချက်တွေကိုရေးလိုက်တဲ့အတွက် တကယ်သာ ဆက်ဖော်ထုတ်ရတဲ့အမှုတွေဆို ဆက် ဖော်ထုတ်ဖို့ ခက်သွားနိုင်တယ်။ (အကောင့်ပိုင်ရှင်ကို) အထက်က ညွှန်ကြားချက်နဲ့ စုံစမ်းနေတဲ့ အဖွဲ့ရှိ တယ်။ ရေးတဲ့သူကို စုံစမ်းနေတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေအရ အရေးယူသွားမယ်”ဟု ၎င်း က ပြောသည်။

Moe Zay Nyein ၏ အကောင့်တွင် မူးယစ်ဆေးဝါး အစီရင်ခံစာနှင့် စစ်ချက်များတွင် နောက်ထပ် ဖော်ပြစရာများ ကျန်ရှိနေသေးသော်လည်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်နှင့် ကာယကံရှင်များ၏ မေတ္တာရပ်ခံမှုများကို ထောက်ထားပြီး ဆက်လက် မဖော်ပြရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၄ ရက်က ဖော်ပြထားသေးသည်။

ယင်းသို့ အရေးယူသွားမည့်ကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်သို့ မဇ္ဈိမက မက်ဆေ့ခ်ျပို့ မေးမြန်းရာ “စစ်ဆေးပေါ်ပေါက်လို့ အရေးယူခံရမှုတစ်စုံတစ်ရာ ရှိနိုင်တယ်ဆိုရင်လည်း ကျွန်တော့်အနေ နဲ့ ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်ရေးခဲ့တာတွေဟာ လုပ်ကြံ အပုတ်ချမှုမပါဘဲ ဖြစ်ရပ်မှန်ကိစ္စတွေ ဖြစ်တာရယ်။ နောက်ပြီး အာဏာရှင်အသိုင်းအ၀ိုင်း၊ အာဏာရှင်တွေနဲ့ ပတ်သက်နေသူတွေရဲ့ ဥပဒေကို သားရေကွင်းလို လိုသလို ချုံ့/ချဲ့ လုပ်နေတာတွေကို ပြည်သူတွေသိရအောင် ထောင့်တစ်ခုကနေ မီးမောင်းထိုးပြတာဖြစ်တာမို့ ကျွန်တော့်အတွက် လိပ်ပြာလုံပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါစစ်ချက်များ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍လည်း မဇ္ဈိမက ဆက်လက်မေးမြန်းရာ အဆိုပါအကောင့်မှ တစ်ဆင့် “ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတချို့ဟာ စစ်အစိုးရလက်ထက်ကတည်းက သူတို့နဲ့ပတ် သက်တဲ့ လုံခြုံမှုအဆင့်အတန်းရှိ စာရွက်စာတမ်း အတော်များများကို ရနိုင်သမျှ နည်းလမ်းတွေနဲ့ စု ဆောင်းခဲ့ပါတယ်။ စစ်အစိုးရရဲ့ ထိမ်ချန် လျှို့ဝှက်ထားတဲ့ကိစ္စတွေကို အကျိုးရှိမယ်ဆိုရင် ပြည်သူတွေ ကို တင်ပြနိုင်ဖို့ပါ။ ခု အမှုတွဲကတော့ အဲဒီထဲက တစ်ခုပါ။ ဘယ်ကနေရရှိလဲဆိုတာကိုတော့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

မည်သူမဆို အစိုးရ၏ လျှို့ဝှက်စစ်ချက်များကို ဖြန့်ချိဖော်ထုတ် ရေးသားပါက မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များအက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ ၄ အရ နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါအချက်အလက်များမှာ Moe Zay Nyein အကောင့်မှ စတင်ပျံ့နှံ့လာခြင်းဖြစ်ကာ တစ်ချိန်က အနု ပညာရှင်များကို မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခြင်း ရှိခဲ့သော်လည်း ယခုအချိန်တွင် အနုပညာရှင်များအတွက် ထိခိုက်နစ်နာမှုများ ရှိသောကြောင့် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံကြောင်း ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ် ပြန်ထားသေးသည်။

ယင်းသို့ ရေးသားချက်များနှင့်ပတ်သက်၍လည်း သရုပ်ဆောင်စိုးမြတ်သူဇာက သူ၏ဖေ့စ်ဘွတ်အကောင့် မှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ပြောကြားထားပြီး အဆိုပါအကောင့်ပိုင်ရှင်ကို မသိသလို မည် သည့်ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်ကိုလည်း မသိပါကြောင်း တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက်ကမျှ မထောက်ခံသည့်အတွက် လုံးဝအမှန်ဟု မယူဆသင့်ကြောင်း စသည် ဖြင့် ပြန်လည် ရေးသားထားသည်။

အေးမြင့်စန်း
Mizzima Burmese