သမ္မတပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ် ဗြောင်လိမ်တာလား

ပို့စ်တင်ချိန် - 12/18/2013 03:30:00 PM


သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဒီကနေ့ တင်လိုက်တဲ့ ဓာတ်ပုံနဲ့ ပုံစာအညွှန်းကြောင့်
ဗြောင် လိမ်သူ ဆိုပြီး အွန်လိုင်းက လူတွေက ပြောကုန်ပါပြီ။


ဒီကနေ့ လူပြောများတဲ့  ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်ပေါ်က ပို့စ်တခုပါ

ဦးရဲထွဋ် တကယ်ပဲ ဗြောင်လိမ်တယ်ဆိုတာ ဟုတ်မဟုတ် စမ်းစစ်ကြည့်မိတယ်။

ဦးရဲထွဋ်က “ဒီနေ့မနက် နေပြည်တော်ကို ပြန်ရောက်ပြီး ရုံးကိုအလာ မြို့မဈေးမှာ လေ၀င်ထိုးရင်း ကားပြင် အလုပ်ရုံ တစ်ခုမှာတွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်လေးပါ။ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာအမျိုးသမီးလက်ရွေးစင် အသင်းကိုဆက်ပြီး အားပေးဖို့ ကိုတော့ ဆိုင်းဘုတ်ကြောင့် မပြောခဲ့ရပါဘူး” လို့ ဓာတ်ပုံစာအညွှန်းရေးထားတယ်။

ဒါပေမယ့် ဒီဓာတ်ပုံမှာ ထူးခြားတာက ကိုချိုကားဘော်ဒီရုံဆိုတာကို ဖျက်ထားတာ သတိထားမိတယ်။ ဦးရဲထွဋ်ရဲ့ ဓာတ်ပုံနဲ့ အဲဒီ ပို့စ်အောက်မှာလည်း ဝန်ကြီး ဗြောင်လိမ်တယ်ဆိုပြီး ကွန်မန့်တွေက ထုနဲ့ဒေး
မြင်မ ကောင်းအောင် ဝေဖန်ထားကြတယ်။

ဒီ ဓာတ်ပုံဟာ တကယ်တော့ လွန်ခဲ့တဲ့ နာရီ ၂၀ ကျော်က Car Marcket in Myanmar ဆိုတဲ့ ဖေ့စ်ဘုတ်မှာ ကိုသီဟမောင်မောင် ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ သိရပါတယ်။ မူရင်း ဓာတ်ပုံက တမ္ပဝတီ၊ မန္တလေးက ကိုချို ကားဘော်ဒီ ရုံဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံမူရင်းပါ။

ဧရာဝတီ ပရိသတ်ကြီးက ဝေဖန် ဆင်ခြင်တုံ တရား အားကောင်းတော့ ဦးရဲထွဋ် ဗြောင်လိမ်တာလား၊ ဒါမှ မဟုတ် ဦးရဲထွဋ်ကို ဗြောင်လိမ်တယ်လို့ ဝိုင်းရေးနေသူတွေက လိမ်နေတာလားဆိုတာ သဲသဲ ကွဲကွဲ သိနိုင် မယ်လို့ ယုံကြည်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း