နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းနေဟုဆို

ပို့စ်တင်ချိန် - 12/21/2013 06:30:00 PM


နောင်ချို၊ ဒီဇင်လာ ၂၁။

နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းလျက် ရှိနေကြောင်း နောင်ချိုဒေသခံများမှ သုံးသပ် ပြောကြားလိုက်သည်။

အုပ်ချုပ်ရေးပိုင်းအနေဖြင့် ဒေသခံများမှ အခက်ခဲကြုံတွေ့၍
ခေါ်ယူသည့်အချိန်များတွင် လာရောက်တာဝန်ယူဖြေရှင်းပေးမှု အားနည်းနေပြီး လက်ရှောင်မှုများ ရှိနေကြောင်း ဒေသခံများမှ
ပြောသည်။

'' အုပ်ချုပ်ရေးပိုင်းမှာ ဌာနဆိုင်ရာတွေအချင်းချင်း ပူးပေါင်းဆောင်ရွက် တာတွေတောင် မရှိသလောက် ဖြစ်နေတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အရေးအကြောင်းဆိုရင် အကြောင်းကြားတာမျိုးတွေ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်တာတွေလည်း အားနည်းလာပါတယ်'' ဟု နောင်ချိုမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အချို့မှ
သုံးသပ်ပြောကြားသည်။

လက်ရှိအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဒေသအတွင်းရှိ
မှောင်ခိုလုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များ ပေါ်တွင်သာ အာရုံထားနေကြပြီး ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်မှုတို့တွင် အားနည်းနေပြီး ဒေသအတွင်း လူထုလိုအပ်နေချိန်တွင် ဖြေရှင်းပေးမှု လျှော့နည်းလာကြောင်း သုံးဆယ်ကျေးရွာလူငယ်အဖွဲ့ဝင်အချို့မှလည်း သုံးသပ်ပြောကြားသည်။

'' ဒေသအတွင်းမှာ အုပ်ချုပ်ရေးပိုင်းရဲ့ တာဝန်ယူမှုလျှော့နည်းနေတော့ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်နေပါတယ်၊ လက်နက်ကိုင် အဖွဲ့တွေတောင် ပေါ်ပေါ်တင်တင် ရွာထဲမှာ ဆက်ကြေး
ကောက်နေကြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာရွာသားတွေနဲ့
မှောင်ခိုသမားတွေ ပြဿနာတက်သော်လည်း အုပ်ချုပ်ရေးပိုင်းက အချိန်မီမလာခဲ့ဘူး ဒေသအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းလာလို့ ဒေသခံတွေ မလုံခြုံသလို ခံစားနေရပါတယ် '' ဟု သုံးဆယ် ကျေးရွာ လူငယ်ခေါင်းဆောင် အချို့မှ သုံးသပ်ပြောကြားသည်။

နောင်ချိုမြို့နယ်အတွင်း ရဲဘက်စခန်းများ များပြားပြီး ရဲတပ်ဖွဲ့ဝင်အင်အားအနေဖြင့် (၈၀)ခန့်သာ ရှိရာ
တပ်ဖွဲ့ဝင်များအား ရဲဘက်စခန်းလုံခြုံရေး၊ တံတားလုံခြုံရေးများအတွက် အသုံးပြုထားပြီး နယ်မြေလုံခြုံရေးအင်အားနည်းနေသဖြင့် ထပ်မံဖြည့်ဆည်းရန် လိုအပ်လျက်ရှိနေကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်နေကြောင်း နောင်ချိုမြို့ဒေသခံများမှ
သုံးသပ်ပြောကြားသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age