ခရီးသည်တင် ဟိုင်းလတ်ကားများ ရန်ကုန်မြို့တွင် ပြေးဆွဲခွင့် ရပ်ဆိုင်းတော့မည်

ပို့စ်တင်ချိန် - 12/27/2013 02:47:00 PM


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ခရီးသည်တင် ဟိုင်းလတ်ယာဉ်များကို ၂၀၁၄ ဇန်န၀ါရီ ၁၅ ရက်မှစတင်၍ ၀င်ရောက်ပြေးဆွဲခွင့်မပြုတော့ကြောင်း   ရန်ကုန်တိုင်းမထသ(ဗဟို)မှ သတင်းရရှိသည်။

ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာမှုမရှိခြင်းနှင့် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု အများဆုံးဖြစ်ပွားခြင်းတို့ကြောင့် ပြေးဆွဲခွင့် မပြုတော့ခြင်းဖြစ်သည်ဟု သိရသည်။
““(ခ) လိုင်စင် (ခရီးသည်ပို့ဆောင်ရေးလိုင်စင်) နဲ့ ပြေးဆွဲနေတဲ့ ခရီးသည်တင် ဟိုင်းလတ်ယာဉ်အားလုံး ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်မှာပါတဲ့ မြို့နယ် ၃၃ ခုမှာ ပြေးဆွဲခွင့်ရှိမှာမဟုတ်ပါဘူး””ဟု မထသ (ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။

သန်လျင်-ရန်ကုန်၊ မှော်ဘီ- ရန်ကုန်၊ တိုက်ကြီး-ရန်ကုန်ပြေး ဆွဲနေသော ခရီးသည်တင်ဟိုင်းလတ်ယာဉ်လိုင်းများအပါအ၀င်  မြို့တွင်းခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသည့် ဟိုင်းလတ်ယာဉ်များအားလုံးပါဝင်ပြီး အဆိုပါကားများအစား စီးတီးဘတ်စ်အသေးများဖြင့် ပြေးဆွဲခွင့်ပြုထားသည်ဟုသိရသည်။
““အဓိက ပြဿနာက ခရီးသည်တွေပဲ။ သန်လျင်ဘက်မှာဆို ရန်ကုန်ကိုသွားဖို့ ဒီကားတွေကိုပဲ အသုံးပြုနေရတာ။ ပြီးတော့ ယာဉ်အိုယာဉ်ဟောင်းအပ်ပြီး စီးတီးဘတ်စ်နဲ့ဆွဲရင် ရမယ့် ဂက်စ်က မလုံလောက်ဘူး””ဟု ရန်ကုန်- သန်လျင် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ဟိုင်းလတ်ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

““မြို့ထဲမှာ မောင်းနှင်နေတဲ့ ဟိုင်းလတ်ယာဉ်တွေ အကုန်လုံး မဟုတ်ဘဲ (ခ)လုပ်ငန်းလိုင်စင်ရှိတဲ့ ယာဉ်တွေလောက်ပဲ ပိတ်ပင်မှုလုပ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးအပိုင်းမှာ သိပ်အများကြီး ထိခိုက်မသွားနိုင်ပါဘူး””ဟု ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။

““သန်လျင်ကနေမြို့ထဲကို အလုပ်ဆင်း၊ အလုပ်ပြန် ဒီဟိုင်းလတ်ကိုပဲ အားကိုးနေရတာ။ ဟိုင်းလတ်တွေပဲ ည ၁၀ နာရီလောက်ထိရှိတယ်။ အခြားလိုင်းကားတွေက ၇ နာရီလောက်ဆို မရှိတော့ဘူး။ ဟိုင်းလတ်တွေမရှိတော့ရင် အခြားလိုင်းတစ်ခုခု စီစဉ်ပေးသင့်တယ်””ဟု ခရီးသည်တစ်ဦးကဆိုပါသည်။

ခရီးသည်တင်ဟိုင်းလတ်ယာဉ်တစ်စီးလျှင် စီအင်န်ဂျီဂက်စ်ပမာဏ ၂၀၀ ကုဗပေ ရရှိပြီး အဆိုပါနေရာတွင် အစားထိုးပြေးဆွဲမည့် စီးတီးဘတ်စ်များတွင်လည်း ၂၀၀ ကုဗပေ ပြန်လည်ပေးအပ်မည်ဖြစ်၍ လုံလောက်သည့် လမ်းကြောင်းဖြင့် ပြေးဆွဲပါက ပြဿနာမဖြစ်နိုင်ဟု မထသ(ဗဟို) မှ တာဝန်ရှိသူကဆိုသည်။

““စီးတီးဘတ်စ်က CNG ၄၈၀ ကုဗပေလောက်ဆံ့တယ်။ ဟိုင်းလတ်အပ်ပြီးရင်လည်း ပထမကားမှာရှိတဲ့ CNG ကို ပြန်ထည့်ပေးမှာပါ။ ဒါပေမဲ့ ရန်ကုန်-တိုက်ကြီးလိုမျိုး ဆွဲရင် မလောက်နိုင်ဘူး။ ရမယ့်ပမာဏနဲ့တွက်ချက်ပြီး လိုင်းဆွဲဖို့တော့လိုတယ်။ တကယ်လို့ ဂက်စ်ကုန်သွားရင်လည်း ထပ်မံဖြေရှင်းခွင့် ပေးထားတာပဲ”” ဟု ဦးလှအောင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ခရီးသည်တင် ဟိုင်းလတ်ယာဉ်လိုင်း ၄၆ လိုင်း ရှိပြီး အစီးရေ ၈၀၄ စီး ရှိသည်။

7 Day Daily