ဆက်ဆံရေး မပြေပြစ်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟုဆို

ပို့စ်တင်ချိန် - 12/22/2013 09:34:00 PM


ကလေး၊ ဒီဇင်ဘာ ၂၁

သတင်းမီဒီယာများနှင့် ဖြစ်စေ၊ ပြည်သူများနှင့် ဖြစ်စေ ပြောဆိုဆက်ဆံရာတွင် ပြေပြစ်မှုမရှိသော ပြည်သူ့ ရဲတပ်ဖွဲ့ဝင် များကို ထိုက်သင့်သော ပြစ်ဒဏ် များဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ကလေးမြို့တွင် ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းနှင့် ပတ်သက်၍ မုံရွာဒေသခံ သတင်းထောက် တစ်ဦးက မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းမှုကို တာဝန်ကျ ရဲအရာရှိက မချေမငံ ဆက်ဆံသည်ဟု ရဲချုပ်ထံ တိုင်ကြားချက်အရ ကလေး ဒေသခံ သတင်းမီဒီယာများ ရှေ့တွင် ရဲမှူးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ဒီတိုင်းဆို ကျွန်တော်တို့ လူတွေ မှားနေပြီ။ ဒါကို ကျွန်တော်က လက်မခံသလို ကျွန်တော့် အကြီးအကဲ များကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို မောက်မောက်မာမာ မပြောသင့်ဘူး။ နောက်ကို ဒီလိုမဖြစ်အောင် တာဝန်ယူပါမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်ချက်များကို အများပြည်သူတို့ သိရှိစေရန် မီဒီယာများတွင် ချပြချင်ပါကြောင်း၊ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်ရန် မလွယ်ကူလျှင် မိမိရုံးသို့ ဆက်သွယ်နိုင်ပြီး မချေမငံ ဆက်ဆံကြောင်း ပေါ်ပေါက်ခဲ့လျှင် ထိုက်သင့်သော ပြစ်ဒဏ်ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မှုခင်းသတင်းဆိုတာ သက်ဆိုင်ရာ ရဲစခန်းက အတည်ပြုပေးမှ ရေးရတာ။ ပနံပါတ်တို့၊ ပုဒ်မတို့ လွဲသွားရင် သတင်းထောက်ပဲ နစ်နာတာပါ။ တာဝန်ကျ ဝန်ထမ်းက ပြည်သူကို မပြောနဲ့၊ သတင်းထောက်တွေကို တစ်ခါတလေ ရိုင်းပျစွာ ဆက်ဆံတာတွေ ရှိနေတယ်ဆိုတာ ရဲချုပ်သိအောင် တိုင်ကြားတာပါ” ဟု ကလေးမြို့ ရဲတပ်ဖွဲ့ စခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော မုံရွာမြို့ခံ သတင်းထောက်က The Voice သို့ ပြောကြားသည်။

မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မပြုဘဲ စခန်းသို့ လာရောက်ရန်သာ ပြောကြားပြီး တယ်လီဖုန်းကို မချဘဲ နေခဲ့သဖြင့် မိမိက ငါးမိနစ်ခန့် စောင့်သော်လည်း ပြန်လည် ဆက်သွယ်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

တယ်လီဖုန်းဖြင့် ဆက်သွယ်သော သတင်းထောက်ကို စခန်းသို့ လာရောက်ရန် ပြောကြားခဲ့ပြီး တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် တစ်စုံတစ်ရာ အမှားအယွင်း ပါသွားပါက ဖြေကြားသူ၏ တာဝန် ဖြစ်သဖြင့် လွဲမှားမည်ကို စိုးရိမ်ကာ စခန်းသို့ လူကိုယ်တိုင် လာယူစေခြင်း ဖြစ်ကြောင်း အဆိုပါနေ့က တာဝန်ကျသော ရဲအရာရှိ တစ်ဦးက ပြန်လည် ရှင်းပြသည်။

ကလေးမြို့သို့ ရဲချုပ် လာရောက်စဉ် ဧည့်ခံရန်ဟုဆိုကာ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များထံ ငွေတောင်းသော ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားပွဲတွင် အရက်အတူ သောက်ကာ မိမိယူနီဖောင်းကို အရပ်သား တစ်ဦးအား ဝတ်ဆင်စေသော ရဲတပ်ဖွဲ့ဝင်၊ မူးယစ်ဆေး လုပ်ကိုင်သူများနှင့် ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင် စသည်ဖြင့် စည်းကမ်း ချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူခဲ့ခြင်းများ ရှိကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောသည်။

The Voice Weekly Myanmar