ယခုရက်ပိုင်း ကြိုးဆွဲချ သေဆုံးမှုများ

ပို့စ်တင်ချိန် - 12/04/2013 12:47:00 PM


သေမှုသေခင်းများ ဖွင့်လှစ်စစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၃

၂-၁၂-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရဲဒင်ကျေးရွာ အနောက်ဘက်(၁)ဖာလုံခန့်အကွာ၊ ရွာသုဿန်တွင် ၎င်းကျေးရွာနေ စိန်ဘိုဝင်း(၄၂)နှစ် ကြိုးဆွဲချ သေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြောင်းကြားချက်အရ ရွှေပန်းတောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ စိန်ဘိုဝင်းအား သုဿန်အလယ်ရှိ ထောက်ရှာပင်၏ အမြင့်(၅)ပေခန့်ရှိ သစ်ကိုင်းတွင် အရှေ့ဘက်သို့မျက်နှာမူပြီး ယာဘက်သို့ဦးခေါင်းစောင်းလျက် ငယ်ထိပ်(၁)လက်မခန့် ပွန်းခြစ်ဒဏ်ရာဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသည်။ စစ်ဆေးချက်အရ ၎င်းသည် အရက် အလွန်အကျွံသောက်တတ်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ အရက်ဖြတ်ရာမှ စိတ်ကစဥ့်ကလျား ဖြစ်နေကြောင်းသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ရွှေပန်းတောနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ထို့ပြင် ယင်းနေ့ ၁၇၀၀ အချိန် ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ၊ တောင်ကွက်သစ်ရပ်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏အကြောင်းကြားချက်အရ ပွင့်ဖြူမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ၎င်းကျေးရွာနေ ဆန်းလင်း(၄၀)နှစ်ဖြစ်ကြောင်းသိရှိရပြီး အိမ်ထောင်ရေးပြဿနာများကြောင့် ၎င်း၏အိမ်အပေါ်ထပ် ထုတ်တန်းတွင် (၆)ပေခန့်ရှည်သော တီဗွီအင်တီနာကြိုးအနက်ရောင်ဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း သိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ပွင့်ဖြူမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၎င်းနေ့ ၂၀၃၀ အချိန် မကွေးပြည်သူ့ဆေးရုံကြီးသို့ ရေနစ်သေဆုံးသည့်အလောင်း တစ်လောင်းရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ မကွေးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ မြို့သစ်မြို့နယ်၊ မကြီးချိုရွာနေ မောင်မောင်စိုး (၂၅)နှစ်ဖြစ်ပြီး မကွေးလေဆိပ်နှင့်ဆားတိုင်ကန်ကျေးရွာအကြားတွင် ကွန်ကရစ်ဖျော်ရာ၌အသုံးပြုသော အလျား(၃၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၁၂)ပေရှိအုတ်ကန်၌ အရက်မူးပြီးရေချိုးရာမှ အရှိန်လွန်ပြုတ်ကျပြီး သေဆုံးခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် မကွေးနယ်မြေရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်