ဂျပန်နိုင်ငံက စစ်အင်အား ချဲ့ထွင်မှုအပေါ် တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ဝေဖန်

ပို့စ်တင်ချိန် - 12/22/2013 01:34:00 PM


ပေကျင်း ၊ ၂၂-၁၂-၂၀၁၃

ဂျပန်အစိုးရ က အကြောင်းရှာပြီး စစ်အင်အား တိုးချဲ့ရန် အားထုတ်ခြင်း ဖြစ်သည်ဟု တရုတ် ကာကွယ်ရေး ၀န်ကြီးဌာန မှ ပြောရေးဆိုခွင့် ရှိသူ ကန်းယန်ရှန်း က ဒီဇင်ဘာ ၂၀ ရက်က ထုတ်ဖော် ပြောကြား လိုက်ကြောင်း ဆင်ဟွာ သတင်းဌာန က ဖော်ပြကြောင်း သိရသည်။

ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး သည် မကြာသေးမီက ကျင်းပသော စစ်ဘက်ဆိုင်ရာ အခမ်းအနား တစ်ခု၌ မောင်းသူမဲ့ လေယာဉ်များ ကုန်း/ရေ စွယ်စုံသုံး နိုင်သည့် ယာဉ်များနှင့် အခြား အဆင့်မြင့် စက်ကိရိယာ များကို ဂျပန် တပ်ဖွဲ့များ အတွက် တိုးချဲ့ ၀ယ်ယူ တပ်ဆင်မည် ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။

အရှေ့တရုတ် ပင်လယ်ပြင် ပိုင်နက်အတွင်း ရှိ ကျွန်းစုများ ပိုင်ဆိုင်ရေး နှင့် ပတ်သက်၍ နှစ်ဖက် တင်းမာမှု မပြီးဆုံး သေးမီ ဂျပန်နိုင်ငံ က စစ်အင်အား ချဲ့ထွင်ရန် ပြင်ဆင် နေခြင်း ကို တရုတ် ကာကွယ်ရေး ၀န်ကြီးဌာန က ကန့်ကွက် ခဲ့သည်။ ဂျပန် အစိုးရ က အမျိုးသား လုံခြုံရေး အတွက်ဟု အကြောင်းပြကာ ယင်းကဲ့သို့ ပြင်ဆင်လျက် ရှိခြင်းပင် ဖြစ်ကြောင်း ကန်းယန်ရှန်း က စွပ်စွဲ ပြောဆိုသည်။

စစ်အသုံးစရိတ် ကို ရုတ်တရက် တိုးမြှင့် လိုက်ပြီးနောက် ဂျပန် အစိုးရ သည် လာမည့် ငါးနှစ်အတွင်း ဒုံးခွင်း ဖျက်သင်္ဘောများ ၊ ရေငုပ်သင်္ဘောများ ၊ ကုန်း/ရေ နှစ်ထွေသုံး ယာဉ် ၅၂ စီး ၊ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များ ၊ အမေရိကန် လုပ် တိုက်လေယာဉ်များ ၊ ဒေါင်လိုက် အတက် အဆင်း လုပ်နိုင်သည့် ဘိုးရင်း လေယာဉ်များကို ၀ယ်ယူမည် ဖြစ်သည်။

ဆွီဒင်နိုင်ငံ တွင် အခြေစိုက် သည့် စတော့ဟုမ်း အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး အဖွဲ့ကြီး၏ စစ်တမ်းများ အရ အမေရိကန် ပြည်ထောင်စု သည် ကမ္ဘာပေါ်တွင် စစ်အသုံး စရိတ် အများဆုံး ဖြစ်ပြီး တရုတ်နိုင်ငံ သည် ဒုတိယနေရာ နှင့် ဂျပန်နိုင်ငံ သည် ပဉ္စမနေရာတွင် ရှိကြောင်း သိရှိရသည်။
Myawady News