အထက်ချင်းတွင်းဒေသတွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာ

ပို့စ်တင်ချိန် - 12/13/2013 12:15:00 PM

အထက်ချင်းတွင်းဒေသ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်များရှိ ရွှေမှော်များ လုပ်ကိုင်နေသော ဒေသများတွင်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ၏ ပြောပြချက်အရသိရသည်။

" စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက တင်ပြဖူးပါတယ်။ ရဲတပ်ဖွဲ့အင်အားကလည်း အလွန်နည်းပါးလွန်းနေပါတယ်။ အမှုတစ်ခု ဖမ်းမိလာတယ်ဆိုရင် တရားခံတွေရဲ့ သွားစရိတ် လာစရိတ်ကို ရဲတွေက ခံရတယ်။ မိလာတဲ့ မူးယစ်ဆေး တစ်ဂရမ်ထက်ပိုသွားရင် ခရိုင်ဖြစ်တဲ့ ခန္တီးကို မိမိစရိတ်နဲ့သွားရတယ်။ ရဲတပ်ဖွဲ့က ထုတ်မပေးဘူး။ ကုန်ကျစရိတ်တွေကို ရဲဝန်ထမ်းတွေက စိုက်ထုတ်လုပ်နေရတော့ ရဲတွေကလည်း ဖမ်းရမှာကြောက်နေတယ်။ အလုံးအရင်းနဲ့ ရောင်းတဲ့သူက ဓနအင်အားရှိတော့ ရှောင်နိုင်တိမ်းနိုင်တယ်။ မူးယစ်ဆေးဝါး ဆိုတာကလည်း ဒီဒေသက ထုတ်လုပ်တာမရှိဘူး။ အိန္ဒိယနယ်စပ်နဲ့ တရုတ်နယ်စပ်ဘက်က လာတာဖြစ်နေတော့ ဒီဒေသတစ်ခုတည်းလုပ်လို့ အဆင်မပြေနိုင်ဘူး " ဟု ဟုမ္မလင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးက ပြောကြားသည်။

ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်များမှာ ရွှေမှော်များ လုပ်ကိုင်နေသောဒေသများ ဖြစ်ပြီး လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေပြီး မှုခင်းဖြစ်ပွားမှုများလည်း မြင့်တက်လျက်ရှိသည်ဟု သိရှိရပါသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးကိစ္စနဲ့ ပတ်သက်ပြီး အရင်ကတော့ လုပ်ဖူးခဲ့တယ်။ မူးယစ်ဆေးဝါးစွဲနေတဲ့ သူကိုဆေးဖြတ်ပေးတာတွေ လုပ်ပေးဖူးတယ်။ အခုတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေတော်တော်များနေတယ်။ အခုတော့ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ နဲ့ပတ်သက်ပြီး အဆက်အစပ်မရှိတော့ ဘယ်လိုပုံဆောင်ရွက်တယ်ဆိုတာ မသိရဘူး။ ဖုံးကွယ်နေတာတွေများတော့ သတင်းအတိအကျမပြောနိုင်ဘူး။

အခုဟာက မူးယစ်ဆေး လက်ကားရောင်းတဲ့သူတွေ မမိဘဲ ကိုင်းဖျားကိုင်းနားတွေကိုပဲဖမ်းနေတယ်။ လမ်းခရီးကနေ တားဆီးနေလို့တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ မူးယစ်ဆေးသုံးစွဲနေတဲ့ သူကိုဖမ်းနေလို့ကတော့ ဘယ်လိုမှ မူးယစ်ဆေးပပျောက်မှာ မဟုတ်ဘူး။ မူးယစ်ဆေးပင်မ ဖြန့်ချိတဲ့သူကိုဖမ်းဆီးမှသာ ပပျောက်ဖို့သေချာပါမယ် " ဟု နောင်ပိုအောင်ဒေသခံ ဦးစိုင်းတင့်လွင်က ပြောကြားသည်။

အထက်ချင်းတွင်းဒေသတွင် ရွှေမှော်များ အများအပြားလုပ်ကိုင်လျက်ရှိပြီး အဆိုပါဒေသများတွင် နယ်ပေါင်းစုံမှ လူပေါင်းစုံလာရောက်လုပ်ကိုင်လျှက်ရှိပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ကိစ္စများတွင်လည်း ထိန်းချုပ်ရန် ခက်ခဲလျှက်ရှိသည်ဟု သိရသည်။
eleven media group