မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့် ဇန်န၀ါရီ ၄ ရက် စတင်မည်

ပို့စ်တင်ချိန် - 12/28/2013 05:20:00 PM


မြန်မာနှင့်ဖိလစ်ပိုင် နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာနိုင်မှုသည် ၂၀၁၄ ဇန်န၀ါရီ ၄ ရက်တွင် စတင်မည်ဟု ဖိလစ်ပိုင်နိုင်ငံ သတင်းမီဒီယာများဖြစ်သည့် Phillipine Star, Inquirer.net တို့တွင် ဖော်ပြသည်။

အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုအရ လာရောက်လည်ပတ်သူများအနေဖြင့် ၁၄ ရက်ကြာ နေထိုင်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာကာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးကဏ္ဍများကိုပါ အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ကပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်များအတွင်း နှစ်နိုင်ငံအစိုးရများ ခရီးသွားဗီဇာကင်းလွတ်ခွင့်ကို သဘောတူညီမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သူ ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် ၁၂ ရာစုခေတ် ရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်းအနုပညာလက်ရာများ နှင့် ရှေးဘုရင်များ၏ မြို့ဟောင်းများကို လေ့လာမှုပြုလုပ်နိုင်သည်ဟု ဖိလစ်ပိုင်သတင်းစာများက ညွှန်းဆိုထားသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် နှစ်သန်းနီးပါး ၀င်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောကြားထားပြီး ၂၀၁၄ တွင် ခရီးသွားဧည့်သည် သုံးသန်းအထိ တိုးလာမည်ဟု ခန့်မှန်းသည်။

7 Day Daily