အိပ်၍ မပျော်ခြင်း

ပို့စ်တင်ချိန် - 12/08/2013 02:30:00 AM


Saturday, December 07, 2013

ဒေါက်တာစွမ်း (ဆေး-၁)

မေး။ ။ Dr စွမ်းရှင့်။ ကျွန်မအသက် ၅၁ နှစ်ကျော် ပင်စင်ယူခါနီး ဝန်ထမ်း တစ်ဦးပါ။ အခုတလော ကျွန်မမှာ အခက်အခဲတစ်ခု ရှိနေပါတယ် ဆရာ။ ညဆိုရင် အိပ်မပျော်တာပါ။ အိပ်ပျော်ရင်လည်း ခနလေးသာ အိပ်ပျော်ပြီး နံနက်ရုံးသွားခါနီးဆိုလျှင် လူက နုံးချိချိ ဖြစ်နေပါတယ် ဆရာ။ (မရိုမသေ ကျွန်မ သွေးဆုံးကိုင်ပြီးပါပြီ ဆရာရှင့်)။ အခုလို အိပ်မပျော်တဲ့ ဒုက္ခကို အဆုံးသတ် ချင်ပါတယ်။ ကူညီပါဦး ဆရာ။

ဒေါ်အေးအေးမြင့် (သင်္ဃန်းကျွန်း)

ဖြေ။ ။ဒေါ်အေးအေးမြင့်ရဲ့ အိပ်မပျော်ခြင်းဟာ ရောဂါကြောင့်လား၊ စိတ်ကြောင့်လား ဆိုတာ သိရန် လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူ လူကြီးအချို့မှာ လည်း အိပ်မပျော်ခြင်းကို ခံစားရ တတ်ပါတယ်။ ဒီလိုရောဂါရှိလို့ အိပ်မပျော်တာ ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှ ဆရာဝန် တစ်ဦး၏ လမ်းညွှန်ချက်ဖြင့် အိပ်ဆေး အနည်းငယ် မှီဝဲရမှာပါ။ အိပ်ဆေး မမှီဝဲခင် အိပ်ရာ မဝင်မီမှာလည်း လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အဆီပါအစား အသောက်များ လည်း ရှောင်ကြဉ်ပေးပါ။

ခရက်ကာလို ဘီစကွတ် အနည်းငယ်နှင့် အိုဗာတင်း၊ မိုင်လို၊ နွားနို့ပူပူ တစ်ခွက် သောက်သုံးပြီး အိပ်စက်ပါ။ အိပ်ရာထဲ ရောက်သည်နှင့် ခေါင်းအစ ခြေအဆုံး ကြွက်သားတွေကို လျှော့ပေးပါ။

အလုပ်ကြောင့် အိပ်မပျော်သူ ဖြစ်လျှင် ညအိပ်ရာ ဝင်ခါနီးတိုင်း ပူပန်တတ်သော စိတ်ကို ထိန်းချုပ်ကာ ဥပေက္ခာပြု စိတ်ဖြင့် အိပ်စက်ပါ။ လုပ်ရမည့် လုပ်ငန်းဆောင်တာ သောကများကို စာရွက်ပေါ်တွင် ချရေးပြီး နံနက်နိုးလာမှ ဖြေရှင်းမယ်ဟု စိတ်ပိုင်း ဖြတ်ခြင်းဖြင့် ဖြေရှင်းပေးပါ။
မြ၀တီ