မြန်မာအချင်းချင်း ညီညွတ်ကြဖို့ ဒေါ်စုတိုက်တွန်း

ပို့စ်တင်ချိန် - 12/03/2013 10:48:00 AM


ဒီဇင်ဘာလ ​တစ်ရက်နေ့မှာ ​ကျင်းပပြုလုပ်တဲ့ ​မဲလ်ဘုန်းမြို့ ​မြန်မာ ​မိသားစုတိုင်းရင်းသားပေါင်းစုံနဲ့ ​တွေ့ဆုံမှုအတွင်း ​အမျိုးသားဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​စည်းလုံးညီညွတ်မှု ​ရှိဖို့နဲ့ ​တစ်ဦးပေါ် ​တစ်ဦး ​မုဒိတာပွား ​မေတ္တာထားဖို့ ​အဓိက ​ပြောကြားခဲ့ပါတယ်။

အဲဒါ့အပြင် ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေပြင်ဆင်ဖို့ ​အရေးကြီးတဲ့အကြောင်းတွေ၊ ​တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​သူက ​ဦးဆောင်လုပ်ကိုင်မှာထက် ​တိုင်းရင်းသားတွေ ​ဦးဆောင်လုပ်ကိုင်တဲ့ ​နေရာမှာ ​အတတ်နိုင်ဆုံး ​ပံ့ပိုးသွားတာမျိုး ​လုပ်လိုကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။

မြန်မာမိသားစုတွေနဲ့ ​တွေ့ဆုံပြီးနောက် ​၂၅ ​နှစ်ကြိမ်မြောက် ​ကမ္ဘာ့ ​HIV/AIDS ​နေ့မှာ ​အမှာစကားပြောကြားခဲ့ပြီး ​ရောဂါခံစားရသူတွေအပေါ် ​ခွဲခြားဆက်ဆံတာမလုပ်ပဲ ​လူ့လောကမှာ ​ကိုယ်နဲ့မတူတဲ့ ​လူတွေရှိတယ်ဆိုတာကို ​အမှတ်ရပြီး ​ဒီလို ​မတူညီမှုတွေပေါ် ​အခွင့်ကောင်းယူပြီး ​ပိုမိုကောင်းမွန်တဲ့ ​လူသားတွေဖြစ်အောင် ​ကြိုးစားသင့်တယ်လို့ ​ပြောခဲ့ပါတယ်။

HIV/AIDS ​ရောဂါကြောင့် ​သေဆုံးသူအယောက်ပေါင်း ​၃၈ ​သန်းရှိခဲ့ပြီး ​ခုအခါမှာ ​လူပေါင်း ​၃၄ ​သန်းက ​အဲဒီရောဂါ ​ခံစားနေရကြောင်း ​သိရပါတယ်။

စနေနေ့တုန်းကလည်း ​သြစတြေးလျနိုင်ငံ ​Monash ​တက္ကသိုလ်က ​ပေးအပ်တဲ့ ​ဂုဏ်ထူးဆောင် ​ဥပဒေပါရဂူဘွဲ့ကို ​လက်ခံရယူခဲ့ပြီး ​တရားဥပဒေစိုးမိုးရေးဟာ ​မြန်မာနိုင်ငံအတွက် ​အရေးတကြီး ​လိုအပ်နေတဲ့အရာ ​ဖြစ်တယ်လို့ ​ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ​လူများစုတွေအတွက် ​ဥပဒေဟာ ​သူတို့ကို ​ကာကွယ်ဖို့ထက် ​နှိပ်ကွပ်ဖို့ ​ကန့်သတ်ဖို့ ​ဖြစ်နေတဲ့အကြောင်း ​ဒီလို ​ကန့်သတ်နှိပ်ကွပ်မှုတွေလုပ်တဲ့အတွက် ​လူတွေရဲ့ ​အစပျိုးမှုတွေ၊ ​စွမ်းရည်တွေမှာ ​ထိခိုက်နေရတယ်လို့ ​ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ဒီကနေ့မှာပဲ ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာပြီး ​မြန်မာနိုင်ငံကို ​ပြန်မှာ ​ဖြစ်ပါတယ်။

သောတရှင်များရှင် ​သတင်းအပြီးမှာလည်း ​တနင်္ဂနွေနေ့က ​ကျရောက်တဲ့ ​HIV/AIDS ​နေ့နဲ့  ​ပတ်သက်တဲ့ ​အထူးအစီအစဉ်ကိုလည်း ​တင်ဆက်သွားဖို့ ​ရှိပါတယ်။

ABC Radio Australia