ကွမ်းလုံတွင် ချိန်ကိုက်ဗုံးပေါက်၍ တပ်မတော်သားတစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 12/19/2013 11:24:00 AM


လားရှိုး၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ထော်လာဂျီ ယာဉ်ပေါ်တွင် ချိန်ကိုက်မိုင်းဟု ယူဆရသော မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် တပ်မတော်သားတစ်ဦး ယင်းနေရာ၌ပင် သေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် များထံမှ သိရှိရသည်။

ကွမ်းလုံမြို့အတွင်း ကွမ်းလုံ-သိန်းနီ ကားလမ်းမကြီးပေါ်တွင် မောင်းနှင် လာသော အဆိုပါ ထော်လာဂျီသည် ကွမ်းလုံ ကြိုးတံတားအနီး ဝန်ထမ်းရပ်ကွက် ခရိုင်သာသနာရေးရုံးနှင့် အကောက်ခွန်ရုံးအနီး အရောက်တွင် အသင့်စီမံထားသည့် အချိန်ကိုက် မိုင်းဗုံးဟု ယူဆရသော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အာဏာပိုင်များထံမှ သိရှိရသည်။

ပေါက်ကွဲမှုကြောင့် ယင်းနေရာတွင် အကျယ် ၁၂ ပေ၊ အနက်လေးပေခန့်ရှိ ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ထော်လာဂျီ ယာဉ်မှာလည်း တစ်စစီလွင့်စဉ်ကာ ယင်းနေရာအနီး လမ်းလုပ်ငန်း လုပ်ကိုင်နေသည့် အေးရှားဝေါလ် ကုမ္ပဏီပိုင် လမ်းခင်း စက်တစ်စီးကို ထိမှန်ပျက်စီးခဲ့ကြောင်း၊ လမ်းခင်းစက် မောင်းနှစ်ဦးနှင့် ပေါက်ကွဲမှု ဖြစ်ပွားမှု အနီးတွင် ဆိုင်ကယ်စီးလာသည့် တပ်မတော်သား တစ်ဦးတို့ကို ထိမှန်သဖြင့် အဆိုပါ တပ်မတော်သား သေဆုံးခဲ့ပြီး အခြားမော်တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦးနှင့် အေးရှားဝေါလ် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံမှ သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ နတလ ဝန်ထမ်း ဇော်မျိုးအောင်မှာ ဝဲဘက်ခြေသလုံး ကျိုးသွားပြီး အေးရှားဝေါလ် ကုမ္ပဏီဝန်ထမ်း သက်ဇေယျာထွန်းမှာ ယာလက်မောင်းတွင် အပြင်းအထန် ဒဏ်ရာများ ရရှိသွားခဲ့ကာ ၎င်းတို့ကို လားရှိုး ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှုခံယူနေ ရကြောင်း ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံအား စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီး ယင်းအမှုကို ကွမ်းလုံ မြို့မရဲစခန်းက (ပ) ၅၃/၂၀၁၃ ပြစ်မှုပုဒ်မ - ၃၀၂/၃၀၇/၄၃၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

(နေမျိုးနွယ်)

The Voice Weekly Myanmar