ရန်ကုန်နည်းပညာတက္ကသိုလ်သို့ နိုင်ငံတကာကုမ္ပဏီများ အလုပ်အကိုင် ကမ်းလှမ်း

ပို့စ်တင်ချိန် - 12/05/2013 12:17:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင် ရရှိရေးအတွက် ဂျပန်နှင့် ဗြိတိန် အပါအဝင် နိုင်ငံတကာ အင်ဂျင်နီယာ ကုမ္ပဏီများ လာရောက် ကမ်းလှမ်းနေကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။

ယင်းသို့ ကမ်းလှမ်းမှုများ ရှိကြောင်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပသော ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဗိသုကာ အင်ဂျင်နီယာ ဘာသာရပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်က ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အတွက် သင်ကြားရေး အထောက်အကူများ အပြင် ဘာသာရပ်အလိုက် ဘွဲ့ရရှိပြီးပါက အလုပ်အကိုင် ပေးရန်အတွက်ပါ သဘောတူညီထားပြီး ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က The Voice သို့ပြောကြားသည်။
"အင်္ဂလန်ကတော့ ချိတ်ဆက်ဖို့ ဆွေးနွေးနေတုန်းပဲ။ သဘောတူညီချက် မရသေးဘူး" ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

အလားတူ ရေနံအင်ဂျင်နီယာ ဘာသာရပ်နှင့် ပြီးဆုံးထားသူများ အတွက် အီတလီ နိုင်ငံတကာကုမ္ပဏီ များက ပညာသင်ဆု အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း များပါ ရှာဖွေပေးသွားရန် ကမ်းလှမ်းထားကြောင်း ရန်ကုန် နည်းပညာတက္ကသိုလ် ရေနံအင်ဂျင်နီယာဌာန ဒုတိယ ပါမောက္ခ ဌာနမှူးက ပြောဆိုသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းဝင်ခွင့် ၃၀၀ ဦးနှင့် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုပညာသင်နှစ် တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၃၀၄ ဦး တိုးလက်ခံခဲ့ကြောင်း၊ အဆိုပါ တက္ကသိုလ်ဝင်ခွင့် အမှတ်မှာ ဆေးတက္ကသိုလ် ဝင်ခွင့်ထက် မြင့်မားခဲ့ပြီး အမြင့်ဆုံး ဝင်ခွင့်ရမှတ်မှာ ၅၅၃ မှတ်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်များ၏ အင်ဂျင်နီယာ ဘွဲ့ကြိုတန်း ပညာသင်နှစ် ကာလမှာ ခြောက်နှစ်ဖြစ်ပြီး မဟာဘွဲ့ ဆက်လက် သင်ကြားလိုပါက ၂ နှစ် ထပ်မံတက်ရောက်ရမည် ဖြစ်သည်။
The Voice Weekly