ရန်ကုန်၊ မန္တလေး သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်အတွင်း ပါရဂူဘွဲ့ သံဃာငါးပါးထွက်ပေါ်

ပို့စ်တင်ချိန် - 12/19/2013 10:15:00 PM



မန္တလေး၊ ဒီဇင်ဘာ ၁၈

ရန်ကုန်နှင့် မန္တလေးမြို့တော်များရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ ၁၉ နှစ်တာ ကာလအတွင်း Ph.D ပါရဂူဘွဲ့ရှင် ငါးပါး ထွက်ပေါ်လာကြောင်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး တာဝန်ရှိသူ ထံမှ သိရသည်။

နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ကို ၁၉၈၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး အရှင် ဝိစိတ္တသာရာဘိဝံသက ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် တစ်ပြိုင်နက် တည်ထောင်ခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့က ကြီးကြပ်လျက်ရှိကာ တက္ကသိုလ်များ စတင် တည်ထောင်ခဲ့သည့် နေ့မှ ယနေ့အထိ ပါဂူဘွဲ့ရငါးပါး၊ M.A တက္ကသီလ မဟာဓမ္မာစရိယ ၃၃၁ ပါး၊ B.A တက္ကသီလဓမ္မာစရိယ ၁၆၈၉ ပါး အပါအဝင် စုစုပေါင်း ၂၀၂၅ ပါးကို ဘွဲ့ပေးနိုင်ခဲ့ကြောင်း အဆိုပါတက္ကသိုလ် များ၏ စာရင်းဇယား များအရ သိရသည်။

မန္တလေး သာသနာ့တက္ကသိုလ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က (၁၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့ပြီး B.A. Buddhism နှင့် M.A. Buddhism စုစုပေါင်း ၇၂ ပါး ဘွဲ့ရရှိကြောင်း နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး တာဝန်ရှိ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် များသို့ တက်ရောက်လိုသော သက်တော် ၃၀ အတွင်းရှိ ရဟန်းတော်များ အနေနှင့် ပထမကြီးတန်း အောင်မြင်ရမည် ဖြစ်ကာ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ဝင်ခွင့် နှုတ်ဖြေ၊ ရေးဖြေ အောင်မြင်ပါက တက်ရောက်နိုင်ကြောင်း ဆရာတော် က ထပ်လောင်း မိန့်ကြားသည်။

သာသနတက္ကသီလ ဓမ္မာစရိယ B.A. Buddhism ဘွဲ့ရရှိရန်အတွက် ပညာသင်နှစ် လေးနှစ်အတွင်း ဝိနည်းဘာသာ၊ သုတ္တန္တဘာသာ၊ အဘိဓမ္မာဘာသာ၊ ပိဋကတ် ဆိုင်ရာ မြန်မာဘာသာ၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်ဘာသာ၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေး ပညာဘာသာစသော ဘာသာရပ် ခုနစ်မျိုးကို ပါဠိ၊ အင်္ဂလိပ်၊ မြန်မာဘာသာတို့ဖြင့် သင်ကြား ပို့ချကြောင်း၊ အတန်းတင် စာမေးပွဲအဆင့်ဆင့် အောင်မြင် ပြီးဆုံးပါက သာသနတက္ကသီလ ဓမ္မာစရိယ B.A. Buddhism ဘွဲ့အပ်နှင်း ကြောင်းနှင့် ယင်းနောက် နယ်စပ်ဒေသများသို့ သာသနာပြုတာဝန် ၂ နှစ် ထမ်းဆောင်ရပြီး B.A. Buddhism အတွက် သင်တန်း ၂ နှစ်၊ ကျမ်းပြုသုံးနှစ်၊ နယ်စပ်သာသနာပြု တာဝန် ၂ နှစ် ထမ်းဆောင်ရကြောင်း၊ သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D.) ဘွဲ့အတွက် သင်တန်း ၂ နှစ် (One Year for Intensive English Course & One Year for Preliminary Course) နှင့် ကျမ်းပြုကာလ လေးနှစ် သတ်မှတ်ထားကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

The Voice Weekly Myanmar