တစ်နှစ်ခွဲအတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ၁၂၄ မှု ပေါ်ပေါက်

ပို့စ်တင်ချိန် - 12/12/2013 11:25:00 AM



ရဲလင်းထွဋ်|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

တစ်နှစ်ခွဲကာလအတွင်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပေါင်း ၁၂၄ မှုရှိခဲ့ပြီး ရန်ကုန်တိုင်းအတွင်း အငြင်းပွားမှုမှာ ၁၀၂ မှုဖြင့် ထိပ်ဆုံးတွင် ရှိနေသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်း ၀င်းက ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလကုန်အထိ ၃၈ မှုနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ၈၆ မှုတို့ ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။ အငြင်းပွားမှုပေါင်း ၁၂၄ မှုတွင် ခုံသမာဓိကောင်စီသို့ လျှောက်ထားသည့် အငြင်းပွား မှုမှာ ၆၄ မှုရှိပြီး အငြင်းပွားမှု ၆၄ မှုအနက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက် ထားမှု ၅ မှု ရှိခဲ့သည်။

အလုပ်သမားရေးရာ အငြင်းပွားမှုများတွင်လည်း လုပ်ခလစာ၊ ထောက်ပံ့ကြေးစသည့် ငွေကြေးအကျိုးခံ စားခွင့်ဆိုင်ရာ တောင်းဆိုမှုနှင့် အလုပ်ထုတ်နစ်နာကြေး တောင်းဆိုမှု များပြားလာပြီး အလုပ် ပြန်လည် ခန့်အပ်ရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ခဲ့သည့် အမှု ၁၄ မှုရှိခဲ့သည်။

အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များကို အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းပေးရန် မြို့ နယ်အဆင့်တွင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့စည်းထားသည်။ မြို့နယ်အဆင့် အဖွဲ့တစ်ဖွဲ့ တွင် ၁၁ ဦးစီရှိရာ အဖွဲ့ဝင် စုစုပေါင်း ၃,၇၀၀နှင့် ခုံသမာဓိအဆင့် အဖွဲ့ဝင် ၁၀၀ ကျော်တို့အတွက် သင် တန်းများပေးရန် လိုအပ်လျက်ရှိနေသည်ဟုလည်း ဒေါက်တာသန်းဝင်းက ပြောသည်။

“ဒီလူတွေအတွက် သင်တန်းတွေပေးဖို့ လိုပါတယ်။ ဒါပေမဲ့ မပေးနိုင်သေးပါဘူး။ အလုပ်ရုံဆွေးနွေးပွဲ လောက်ပဲ လုပ်နိုင်ပါသေးတယ်”ဟု ပြောသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ၂၈ ရက်တွင် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/ ၂၀၁၂ ဖြင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေ ရှင်းရေး နည်းဥပဒေကို ထုတ်ပြန်ပြီးဖြစ်သည်။

Mizzima Burmese