ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ) တို့ဖြင့် အမှုရင်ဆိုင်နေရသူများအား သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ မူကြမ်းတင်ပြမည်

ပို့စ်တင်ချိန် - 12/08/2013 07:50:00 PM


ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် အမှုရင်ဆိုင်နေရသူများအား သမ္မတလုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ သမ္မတထံ မူကြမ်းရေးဆွဲကာ အကြံပြုသွားမည် ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့ ၊ ၅၀၅ (ခ)တို့ အပါအ၀င် အခြား ၄၄၇၊ ၄၄၃တို့နဲ့ အမှုရင်ဆိုင်နေရသူတွေအတွက် ဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကွင်းလုံးကျွတ်လွတ်အောင် လုပ်လို့ရမလဲဆိုတာကို မူကြမ်းရေးဆွဲပြီး သမ္မတဆီ အကြံပြုသွားမယ်။ သမ္မတကတော့ ဒီအကြံပြုစာကို ကြည့်ပြီးတော့ သူလုပ်နိုင်တဲ့ အပိုင်းကနေပြီးတော့ လုပ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီဇင်ဘာ ၃၁ အထိ စောင့်ကြည့်ရပါမယ်။ ဒါမှမဟုတ်ရင်လည်း ဒီထက်နည်းနည်းလေး ထပ်ပေးရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ဒါက တရားဥပဒေနဲ့လည်း နည်းနည်းလေး သက်ဆိုင်နေတဲ့အတွက် အစိုးရဘက်မှာရှိတဲ့ တရားဥပဒေချုပ်တို့ ရှေ့နေချုပ်တို့နဲ့ထပ်ပြီး တိုင်ပင်ရမှာတွေ ရှိနေပါတယ်"ဟု ဆိုသည်။

အဆိုပါ အကြံပြုစာမူကြမ်းအား ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်မည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ နောက်ဆုံးဆွေးနွေးပွဲတွင် ရေးဆွဲသွားမည်ဖြစ်ပြီး ရေးဆွဲမည့် မူကြမ်းအား ၂၀၁၃ မကုန်မီ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီလိုအကြံပြုတဲ့အခါမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ပေါ့နော်။ လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ရဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဇင်ဘာ ၃၁ မတိုင်ခင်မှာ အမှုရင်ဆိုင်နေရတဲ့သူတွေကို ကွင်းလုံးကျွတ် လွှတ်ပေးဖို့ကို တည်ပြီးတော့ အကြံပြုသွားမှာပါ။ လွှတ်တာ၊ မလွှတ်တာကတော့ ကျွန်တော်တို့နဲ့လည်း မဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့တော့ ရနိုင်ပါတယ်"ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးနှင့် ဆက်နွှယ်၍ တရားရင်ဆိုင်နေရသူပေါင်း ၂၅၀ ရှိနေပြီး အကျဉ်းထောင်ထဲတွင်လည်း ပြစ်ဒဏ်ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးအထိ ရှိနေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၃ ခု နှစ်အကုန်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဆိုသော်လည်း လက်ရှိတွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၈ နှင့်ပုဒ်မ ၅၀၅ (ခ)တို့ အပါအ၀င် အခြားနိုင်ငံရေး ပုဒ်မများဖြင့် ၂၀၁၃ ခုနှစ် နောက်ဆုံးလဖြစ်သည့် ယခုဒီဇင်ဘာလတိုင်အောင် တရားစွဲဆိုမှုများ၊ ဖမ်းဆီးမှုများ ရှိနေခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
Eleven Media Group