သင်းခွေချပ် မှောင်ခိုသယ်သည့်ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

ပို့စ်တင်ချိန် - 12/24/2013 04:05:00 PM


ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် ရောင်းချရန် သင်းခွေချပ်များ မှောင်ခိုတင်ဆောင်လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ်-မြိတ် ရွှေလီရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။ သင်းခွေချပ် ၄၈ ကော်ကို မှောင်ခို သယ်ဆောင်လာသည့် ယာဉ်နှင့်လူကို ပေါင်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယာဉ်ပေါ့ဆစွာ မောင်းနှင်မှုဖြင့် ပေါင်ရဲစခန်းတွင် အမှုဖွင့်သွားမည့်အပြင် တိရစ္ဆာန်များ မှောင်ခိုသယ်ခြင်းကြောင့် သစ်တောဦးစီးဌာနကလည်း သစ်တောဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပေါင်မြို့နယ် စခန်းမှူးက ဆိုသည်။ “မှန်လုံကားက လူတွေတော့ ဒဏ်ရာတစ်ယောက်မှ မရဘူး။ ရန်ကုန်ကား ပြောင်းစီးသွားကြတယ်။ ကားအဖြူကိုကြည့်တော့ သင်းခွေချပ်တွေကို အိတ်နဲ့ထုပ်ပြီး တင်လာတဲ့ကား ဖြစ်နေတယ်။ အဲ့ဒီ ကားသမားက ခြေထောက်ထိသွားလို့ ဆေးရုံတင်လိုက်ရတယ်” ဟု ကျွဲခြံ-ရွာသစ်ပိုင်းနေသူ မျက်မြင်ဦးအောင်ဌေးက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ၁၄ ပိဿာကျော်ရှိသော သင်းခွေချပ် ၆ ကောင် သေဆုံးခဲ့ရပြီး ပေါင်ရဲစခန်းက သိမ်းဆည်းမိသည့် ၉၆ ပိဿာကျော်ရှိသော ကျန်သင်းခွေချပ်များကို သဘာဝဘေးမဲ့တောသို့ပို့ရန် သထုံခရိုင် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ ရွှေလီရတနာမှ ယာဉ်မောင်း ဦးမောင်ကိုနှင့် သင်းခွေချပ် မှောင်ခိုတင်ယာဉ်မောင်း ဦးအောင်ဆန်းတို့ကို ပေါင်မြို့နယ် ရဲစခန်းတွင် ယာဉ်(ပ) ၅၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အရေးယူထားပြီး မှောင်ခိုသယ်ဆောင်သူကို သစ်တောဦးစီးဌာနက သဘာဝတောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ဥပဒေပုဒ်မ ၃၇(က) ဖြင့် ထပ်မံအရေးယူသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။"
khit lu nge