မသန်စွမ်းကစားသမားများအတွက် ပံ့ပိုးမှု လိုအပ်နေ

ပို့စ်တင်ချိန် - 12/28/2013 09:00:00 PM


အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ပါရာဆီးဂိမ်းပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အရွေးချယ်ခံထားရတဲ့ နိုင်ငံကိုယ်စားပြု မြန်မာအားကစားသမာတွေဟာ အစိုးရရဲ့ ကူညီ အားပေးထောက်ပံ့ပေးမှုတွေ ပိုမိုရရှိဖို့ လိုလားနေကြပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၇ ကြိမ်မြောက် ပါရာဂိမ်းပြိုင်ပွဲကို လာမယ့် ဇန်န၀ါရီလလယ်လောက်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် သီတင်း ၂ ပတ်လောက်ပဲ လိုတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ခုချိန်မှာ အားကစားသမားတွေဟာ သူတို့အတွက် အစိုးရက အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့မှုတွေ အားနည်းနေလို့ စိတ်ဓာတ်ကျနေကြပြီး နိုင်ငံကိုယ်စားပြု ကစားသမားချင်းအတူတူ တခြား သန်စွမ်းတဲ့ကစားသမားတွေလို အခွင့်အရေး တန်းတူ ရလိုကြတယ်လို့ မသန်စွမ်း အားကစားသမားတွေက ပြောပါတယ်။

ပြိုင်ပွဲအတွက် နိုင်ငံခြားဖြစ် လက်တွန်းလှည်းသစ်တွေ ၀ယ်ယူထားပေမယ့် လက်တွေ့မှာတော့ ကစားသမားတွေထံ မရောက်သေးကြောင်းနဲ့ တွန်းလှည်းအသစ်နဲ့ အသားကျဖို့ ၁ လကျော်လောက် လေ့ကျင့်ဖို့ လိုအပ်တယ်လို့ သုံးဘီး လက်တွန်းလှည်း ပြိုင်ပွဲဝင်မယ့် မသန်စွမ်း ကစားသမား ဦးတင်သန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ နေပြည်တော်သွားတုန်းကဆိုရင် နယ်ကနေ ရန်ကုန်အထိ ကိုယ်စရိတ်နဲ့ ကိုယ်လာရတာ။ ဟိုရောက်တော့လည်း အားကစားသမားတွေက ကြိုးစားကြရတယ်။ ရွှေ၊ ငွေ၊ ကြေး ရကြတယ်။ ရွှေရတဲ့သူကို နိုင်ငံတော်က ၁ သောင်းပေးတယ်။ ငွေရရင် ၇၅၀၀ ကျပ်ရတယ်။ ဒါတွေက ရယ်စရာတွေလို ဖြစ်နေတယ်။ ကိုယ့်ရွာပြန်ရင် မင်းတို့ဘာတွေရလာလဲ တံဆိပ်တွေ ရလာတယ်၊ ငွေ ဘယ်လောက်ရလဲဆိုရင် မေးရင် ၁ သောင်းပဲရတယ်ပြောရင် မယုံကြဘူး။ ဒါက နိုင်ငံတော်ရဲ့ ထောက်ပံ့မှုပိုင်း အားနည်းတာပေါ့နော်။ အခုနိုင်ငံတော်က ထောက်ပံ့မှုပိုင်းမှာ ကျနော်တို့ အားကစားသမားတွေ တလကို ၉ သောင်းပေးတယ်။ ပြီးတော့ သူတို့က ထမင်းစားစရိတ်ဆိုပြီး ၇ သောင်းခွဲ ပြန်ဖြတ်တယ်။ ၁ သောင်းခွဲပဲ ကျန်တာပေါ့။ အဲဒီ ၁ သောင်းခွဲက ကိုယ့်နယ်မြေကို ဖုန်းပြန်ဆက်ရတဲ့ ဖုန်းကတ်ဖိုးတောင် မရှိဘူး။”

၂၀၁၃ ဇန်န၀ါရီလောက်တည်းက စတင်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် မသန်စွမ်း ကစားသမားတွေကို တနေ့ စားစရိတ် ကျပ်ငွေ ၂၅၀၀ ပေးခဲ့ပြီး ၆ လပိုင်းမှာ ကျပ် ၃၀၀၀ ထိ တိုးပေးကာ ပံ့ပိုးမှုတွေ ရရှိပေမယ့် ကစားသမားအများစုဟာ ငွေကြေးမပြည့်စုံ သူတွေ ဖြစ်တာကြောင့် မလောက်ငမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

မသန်စွမ်း ဘတ်စကတ်ဘောကစားသမား ကိုဝဏ္ဏကျော်စွာကတော့ နိုင်ငံကိုယ်စားပြု ကစားသမားအဖြစ် နေပြည်တော်က အားကစားရွာမှာ လေ့ကျင့်ဖို့ ရွေးချယ်ပြီးမှ ပြန်လွှတ်ခံရတဲ့ ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူက မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။

“တကယ့်တကယ် နေပြည်တော် သွားရတော့မယ့်အချိန်ကြမှ အယောက် ၆၀ လောက် ထပ်လျော့တယ်။ အဲဒီအချိန်မှာ တော်တော်ခံစားရတယ်။ ကြေလည်း ကြေကွဲတယ်၊ ၀မ်းလည်း ၀မ်းနည်းတယ်။ ၁ လပိုင်းကတည်းက သူငယ်ချင်းတွေ အတူတူ ထမင်းကျွေးထားတာလေးကိုပဲ မက်မက်မောမောနဲ့ ကြိုးစားခဲ့တဲ့ အချိန်တွေက နောက်ဆုံး နေပြည်တော် သွားခါနီးမှ မင်းကတော့ အိမ်ပြန်…. မင်းကတော့ အိမ်ပြန်ဆိုတော့ အားကစားသမားတွေထဲမှာ ပြဿနာတွေ အများကြီးပဲ စိတ်မကောင်းစရာတွေပေါ့။ တချို့ဆို ငိုကြတယ်၊ ကြေကွဲကြတယ်ပေါ့။ ဘာအခွင့်အရေးတခုမှ မရဘဲနဲ့ ကြိုးစားနေတဲ့ ကျနော်တို့ ယုံကြည်ချက်တွေ အားကစားရွာထဲမှာ ပျက်စီးခဲ့တယ်။ တချို့ဆိုရင် မသန်စွမ်းအားကစားဆိုရင် တော်ပါတော့ကွာဆိုပြီး စိတ်ဓာတ်ကျသွားတာတွေ ရှိတယ်။ ”

ဒါ့ပြင် အားကစားကွင်းတွေဟာလည်း စတင်တည်ဆောက်ကတည်းက မသန်စွမ်း ကစားသမားတွေအတွက် ထည့်သွင်းစဉ်းစား တည်ဆောက်ထားတာမျိုး မဟုတ်လို့ ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေအတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။

“မသန်စွမ်းအားကစားပွဲတော် ကျင်းပမယ့် အဆောက်အဦတွေနဲ့ ပတ်သက်ပြီး သွားရောက်လေ့လာပြီးတော့မှ ပြန်လည် တင်ပြခွင့်တွေ ရခဲ့တယ်။ ဘာသွားတွေ့လဲဆိုတော့ မျက်စိမမြင်တဲ့သူတွေအတွက်ကို အလွယ်တကူ သွားလာလို့ရတဲ့ မျက်မမြင်လမ်းလျှောက်တဲ့ Braille block ဆိုတာ မရှိဘူး။ တဆက်တည်းမှာပဲ ဘီးတပ် ကုလားထိုင်သုံးတဲ့သူတွေ သွားဖို့ အိမ်သာတွေက အ၀င်အ၀တွေက ကျဉ်းနေတယ်၊ အထဲမှာလည်း အထစ်တွေနဲ့ တွေ့နေတယ်။ ဒါကြောင့် ဒါတွေကို ပြန်လည်ပြုပြင်ပေးဖို့ဆိုပြီး အကြံပြုခဲ့တယ်။ ပြန်လည် ပြုပြင်မပြင်တော့ မသိဘူးပေါ့ဗျာ။ ကျနော်အကြံပြုခဲ့တာပါ။ ”

အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲကို ဇန်န၀ါရီလ ၁၄ ရက်နေ့ကနေ ၂၀ ရက်ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံ ကျင်းပမှာ ဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံက မသန်စွမ်းအားကစားသမား ၁၄၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးဇော်ဝင်းကတော့ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပခြင်းဖြင့် မသန်စွမ်းသူတွေရဲ့ အသက်ရှင် ရပ်တည်ရာမှာ အရေးပါတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ခန္ဒာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ ခွန်အားပြည့်ဖြိုးမှုတွေ ဖြည့်စွမ်းနိုင်မယ်လို့ ပြောကြားထားပါတယ်။

DVB Burmese