တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်သူ ဒေါ်နော်အုန်းလှကို ယနေ့ ရုံးထုတ်မည်

ပို့စ်တင်ချိန် - 12/09/2013 02:26:00 PM



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် တရုတ်နိုင်ငံ အလံ မီးရှို့ ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်ခဲ့သူ ဒေါ်နော်အုန်းလှကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဒဂုံမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးရှေ့တွင် တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် ခဲ့သောကြောင့် ဒေါ်နော်အုန်းလှ အပါအဝင် ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ လေးဦးကို နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သူ ဦးတင်ထွဋ်ပိုင်ကို ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒေါ်နော်အုန်းလှကို ဆက်လက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တရုတ်အလံ မီးရှို့တဲ့သူ နှစ်ဦးကို ဖမ်းဆီး ရုံးတင်နေပါပြီ၊ ကျန်တဲ့နှစ်ဦးကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့သည့်အတွက် တက်ကြွလှုပ်ရှားသူ ဦးတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီး ရုံးတင်စစ်ဆေးခဲ့ပြီး အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ သိရသည်။

ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင်တို့ကို ရုံးတင် စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ကျန်ဆန္ဒ ထုတ်ဖော်သူနှစ်ဦးမှာ တိမ်းရှောင်နေကြောင်း ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးသန်းဆွေက ပြောကြားသည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၉ ရက်တွင် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူ အယောက် ၅၀ ခန့်သည် ဆူးလေမှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး သံရုံးအနီး အလုံမြို့နယ် ရဲစခန်းက တားဆီးမှုများ ပြုလုပ်ပြီးနောက် ဆန္ဒထုတ်ဖော်သူများက တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။