မယ်လဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီး

ပို့စ်တင်ချိန် - 12/28/2013 12:47:00 PM


ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ နီးပါး အကွာအဝေးရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီက မယ်လဒုက္ခသည်စခန်း ဇုန်စီ ၃ မှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး မီးကူးမှာကို စိုးရိမ်တဲ့အတွက် ဖျက်ရတဲ့ အိမ် ၄၀ လောက်ရှိတယ်လို့ စခန်းအတွင်းရေးမှူး ၂ နော်ဒေးဒေးဖိုး က ပြောပါတယ်။

“စလောင်တာက ရပ်ကွက်ထဲက ဘော်ဒါဆောင် တခုကနေလို့ ကြားတယ်။ မီးလောင်တဲ့ အိမ်က ၁၂၀ လောက်ရှိတယ်။ အဲဒါအပြင် အမိုးတွေဖျက်ပစ်လိုက်တဲ့ အိမ်တချို့ရှိသေးတယ်။ မီးလောင်တဲ့ အနီးအနားတ၀ိုက်က ဖျက်ဆီးလိုက်တဲ့ အိမ်တွေက ၃၀၊ ၄၀ လောက်ရှိတယ်။ ထိခိုက် ဒဏ်ရာက ၂ ယောက် ကလေးတယောက် လူကြီးတယောက်ပါ။”

၂ နာရီလောက်မှာ မီးစလောင်ပြီး ၃ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ကလေး တဦးနဲ့ လူကြီးတဦး ထိခိုက်ဒဏ်ရာရရှိပြီး လူကြီးဖြစ်သူဟာ ဒဏ်ရာအနည်းငယ်ပြင်းတဲ့အတွက် မယ်လဆေးရုံမှာ ဆေးကုသ ခံယူနေရတယ်လို့ ပြောပါတယ်။

မီးသတ်ကား ၆ စီးလောက် လာရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။

နေအိမ်တွေ မီးလောင်ပျက်စီးသွားသူတွေဟာ နီးစပ်ရာ အသိမိတ်ဆွေအိမ်မှာ ခိုလှုံနေကြတယ်လို့ နော်ဒေးဒေးဖိုးက ပြောပါတယ်။ ဆောင်းရာသီဖြစ်တာကြောင့် အစားအသောက်အပါအ၀င် စောင်၊ အနွေးထည် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီလကလည်း ဇုန်စီ ၁ မှာရှိတဲ့ ကျမ်းစာသင်ကျောင်း မီးလောင်ခဲ့လို့ ကျောင်းသုံးပစ္စည်းတွေအပါအ၀င် စာနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ မယ်လဒုက္ခသည်စခန်းမှာ လူဦးရေ ၅ သောင်းဝန်းကျင် ခိုလှုံနေထိုင်ပါတယ်။

အလားတူ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၃၀၀၀ ကျော် ပျက်စီးပြီး ဒုက္ခသည် သောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

By နော်နိုရင်း (DVB Burmese)