လမ်းမကိုပိတ်ကာ ခြံခတ်သဖြင့် စစ်ကိုင်း ရွှေမင်းဝံတွင် ဆန္ဒပြ

ပို့စ်တင်ချိန် - 12/14/2013 08:21:00 AM



အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ ။ ။စစ်ကိုင်းမြို့ရွှေမင်းဝံ ရပ်ကွက်ရှိ ၂၄ လမ်းမကြီးအား ပိတ်ဆို့၍ ဝင်းခြံခတ် ရောင်းချထားမှုအား အမြန်ဆုံးဖယ်ရှားပေးရန်နှင့် ရောင်းချသူကို အရေးယူပေးနိုင်ရန် ရွှေမင်းဝံ ရပ်ကွက်သူရပ်ကွက်သား ၁၀၀ခန့်က တရားဝင် ဒီဇင်ဘာ ၁၃ရက် နံနက် ၉နာရီတွင် စစ်ကိုင်းမြို့လယ် မှ ရွှေမင်းဝံရပ်ကွက်အထိ လမ်းလျှာက်ဆန္ဒဖော်ထုတ်ခဲ့သည်။

၂၀၁၃ ဇူလိုင်လတွင် မြေကွက်ပိုင်ရှင်ဟုဆိုသူက ၂၄ လမ်းမကြီးအား အာဏာပိုင်များက ချထားပေးသည်ဟု ဆိုကာ ပြည်သူပိုင်လမ်းမကြီးအား ဝင်းခြံခတ်လိုက်ခြင်းကြောင့် အရေးယူပေးရန် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒခေါင်းဆောင် ဦးစိုးဦးက မဇ္ဈိမ ကိုပြောသည်။

"ကျွန်တော်တို့ ဒီလမ်းက ရပ်ကွက်တည်ကတည်း အကွက်ချဖော်ထုတ်ထားတဲ့လမ်းပါ။ အနှစ် ၂၀ ရှိသွားပြီ။ ရပ်ကွက်ကိုဖြတ်သွားတာက ၂၂လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းရှိတယ်။ အခု ၂၄ လမ်းကိုပိတ်ပြီး ဝင်းပေးတယ်။ တားတော့လည်း မရဘူး"ဟု ဦးစိုးဦး ကဆိုသည်။

ယင်းကဲ့သို့ လမ်းမကိုပိတ်ကာ ခြံခတ်လိုက်ခြင်းကြောင့် ခြံခတ်ခဲ့သော ဇူလိုင်ကပင် သက်ဆိုင်ရာသို့ ကန့်ကွက်စာ တင်ခဲ့သော်လည်း လာရောက်ကြည့်ရှုရုံသာ ဆောင်ရွက်ပေးပြီး ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိဟု ဆန္ဒပြမှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုသန်းထိုက်ဦးက ပြောသည်။

ရပ်ကွက်သားများ အနေဖြင့် ယခုကဲ့ဆန္ဒဖော်ထုတ်မှုကြောင့် သက်ဆိုင်ရာမှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးမည်ဟု ယုံကြည်သည်ဟုလည်း ဆန္ဒဖော်ထုတ်သူများက ဆိုသည်။

"ကျွန်တော်တို့ကတော့ ပြည်သူ့အစိုရဆိုတာကိုယုံတယ်။ ဒါကြောင့် ပြည်သူတွေ တကယ်ဖြစ်နေတာကို လုပ်ပေးလိမ့်မယ်လို့ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုပြီး ဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့ တရားဥပဒေအတိုင်းဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု ကိုသန်းထိုက်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် လမ်းပြန်လည် မဖွင့်ပေးမချင်း ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း ရွှေမင်းဝံ ရပ်ကွက်သားများထံက သိရသည်။

Mizzima Burmese