နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် စီစဉ်

ပို့စ်တင်ချိန် - 12/13/2013 08:45:00 PM


(နည်းပညာတက္ကသိုလ် (သန်လျင်) တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်)
အဆင့်မြင့် ပညာကဏ္ဍ၌ နည်းပညာ တက္ကသိုလ်များ၏ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်နေကြောင်း အဆင့်မြင့်ပညာ သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံ တစ်ဝန်းရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ကြားနည်း ပုံစံဖြစ်သည့် A.G.T.I သင်တန်းတွင် နှစ်နှစ် B.Tech သင်တန်းတွင် နှစ်နှစ်၊ BE သင်တန်းတွင် နှစ်နှစ်ဖြင့် သင်ကြားနေသည့် သင်ကြားရေး ပုံစံအား ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။

''ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ သင်ကြားရေး အရည်အသွေး တိုးမြှင့်ဖို့အတွက် နည်းပညာ တက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ပြင်ဆင်ပြီး ရေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ သင်ကြားရေး ပုံစံထဲကမှ B.Tech သင်တန်းတွေကို ရပ်နားဖို့အတွက် အသေးစိတ် ဆွေးနွေးနေပါတယ်'' ဟု အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ B.Tech သင်တန်းများအား ထားရှိတော့မည် မဟုတ်ပါက နည်းပညာ တက္ကသိုလ်များတွင် သင်ယူခဲ့ပြီးသည့် ကျောင်းသားများအတွက် ချင့်ချိန်ရမည် ဖြစ်သောကြောင့် ပညာရေး ပြောင်းလဲမှုများအား အချိန်ယူညှိနှိုင်း နေရကြောင်း သိရသည်။

''B.Tech သင်တန်းတွေကို ရပ်နားလိုက်မယ် ဆိုရင်တော့ A.G.T.I ကနေ B.E ကို တန်းတက်ရမယ်'' ဟု သန်လျင် နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည့် ကိုတာရာဇံက ပြောကြားသည်။

''အင်ဂျင်နီယာကျောင်း တက်ခွင့်ရပြီ ဆိုရင်တော့ အင်ဂျင်နီယာပဲ ဖြစ်ချင်ပါတယ်။ ပညာရေးစနစ်တွေ စတင်ပြောင်းလဲနေတဲ့ နေရာမှာ လက်တွေ့ပိုင်းကို မြှင့်တင်သင့်ပါတယ်။ အခု ကျွန်တော်တို့ အပြင်လုပ်ငန်းခွင် ၀င်တဲ့အခါမှာ အင်ဂျင်နီယာဘွဲ့ ရထားပေမယ့်လည်း အဆင်မပြေဘူး ဖြစ်နေတယ်'' ဟု B.Tech ဖြင့် ကျောင်းပြီးထားသည့် ကိုတင်ကိုကိုက ပြောကြားသည်။

နည်းပညာ တက္ကသိုလ်များ၌ B.Tech၊ B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်ရာတွင် သတ်မှတ်ထားသည့် ၀င်ခွင့်အရည်အချင်း (Qualified) ပြည့်မီမှသာ ဆက်လက် တက်ရောက်ခွင့်ရှိပြီး ရိုးရိုးအောင်မြင်သည့် ကျောင်းသားများ အနေဖြင့် နောက်တစ်နှစ် စာမေးပွဲဖြေဆိုခွင့် မရှိဘဲ အဝေးသင် တက္ကသိုလ်များသို့ ပြောင်းလဲတက်ရောက်ရကြောင်း သိရပြီး ပထမနှစ် တက်ရောက်မည့် ကျောင်းသားများ အနေဖြင့် A.G.T.I သင်တန်းများတွင် ရမှတ်မြင့်မားမှသာ B.Tech၊ B.E သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

''အင်ဂျင်နီယာ ပညာရေးစနစ်က ပြုပြင်ပြောင်းလဲမယ်ဆိုတာ ကောင်းပါတယ်။ ခေတ်အဆက်ဆက် ကတည်းက ကျွန်တော်တို့တတွေ စမ်းသပ်ခံ ပညာရေးစနစ်ထဲမှာပဲ ရောက်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာဘွဲ့ ရပြီးရင်တော့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်မှာ တစ်ထောင့်တစ်နေရာက ပါဝင်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တာပေါ့။ အင်ဂျင်နီယာဘွဲ့ရပြီး လက်မှတ်ကိုင်ထားတာပဲရှိတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး'' ဟု နည်းပညာတက္ကသိုလ်၌ B.E ဘွဲ့ ရရှိထားသည့် ကျောင်းသားတစ်ဦးက ပြောပြသည်။

ယင်းသို့ နည်းပညာ တက္ကသိုလ်များတွင် သင်တန်းများအား ပေါင်းကူးဆက်လက် တက်ရောက်ခွင့်နှင့် စပ်လျဉ်းပြီး B.Tech နှင့် B.E တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရန် A.G.T.I၊ B.Tech ဖြင့် အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုရန် အတွက် နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများက ဒီဇင်ဘာလ ပထမပတ်အတွင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်ပေါင်း ၃၃ ခုနှင့် ကွန်ပျူတာ တက္ကသိုလ် ၂၅ ခု ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ သိရသည်။


eleven media group