သိပ်ကိုညံ့တယ်လို့ ဂုဏ်ရည်အေးကျော် ဘာကြောင့်ပြောလဲ

ပို့စ်တင်ချိန် - 12/18/2013 03:38:00 PM


ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2013 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်ဟာ ပြိုင်ပွဲကပေးအပ်တဲ့ ဆု တခုမှ မရခဲ့ပေမယ့် Missosology က ပေးတဲံ  Peoples Choice Award ဆုကိုသာ ရရှိခဲ့ပါတယ်။


ဂုဏ်ရည်အေးကျော်။ ဓာတ်ပုံ- Missosology.org

Missosology ဆိုတာကတော့ အလှမယ်တွေနဲ့ ပတ်သက်ပြီး အွန်လိုင်းက မဲပေးမှုတွေအတွက်  ဆုများ ပေးလေ့ရှိတဲ့ အဖွဲ့အစည်းတခုပါ။ Miss International က မဟုတ်ပါဘူး။

Miss International 2012 တုန်းကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာက ပရိသတ် ရွေးချယ်မှု ဆုနဲ့ အခြား ဆုတချို့ ရခဲ့ပါတယ်။

ဒီနှစ်သွားရောက်ယှဉ်ပြိုင်တဲံ ဂုဏ်ရည်အေးကျော်ကတော့ Miss International 2013 ပြိုင်ပွဲမှာ ဘာဆုမှ မရခဲ့လို့ အခုလို သူ့ ဖေ့စ်ဘုတ်ကနေ ရေးသား တောင်းပန်လာပါတယ်။

ရွှေမြန်မာတို့ရေ
မျှော်လင့်သလိုဖြစ်မလာတဲ့အတွက် တောင်းပန်ပါတယ်။ ဘာပြောစရာ စကားမှ မရှိတော့လောက်အောင် ဆွံ့အနေပါပြီ။ Missosology ကပေးတဲ့ People Choice Award နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။
ဒါ ဂုဏ်ရည့် ကြိုးစားမှုနဲ့ရတဲ့ဆု မဟုတ်ပါဘူး။ ပရိသတ်ပေးလို့ ရတဲ့ဆုပါ။ မြန်မာတွေ အသည်းအသန် ကြိုးစားပေးခဲ့တဲ့ ICA အဖွဲ့အစည်းက ပေးတဲ့ Miss Internet ဆုလဲ Voting Result မပြတဲ့ အတွက် ဘယ်သူ အများဆုံးလဲ မသိရပါဘူး။ မဲကောင်နိုင်ငံမှ ရသွားခဲ့ပါတယ်။

ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ဘာဆုမှ ယူမလာနိုင်ခဲ့လို့ သိပ်ကိုရှက်မိပါတယ်။ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ မပြောလိုတော့ပါဘူး။ အကောင်းဆုံးကြိုးစားရင် အကောင်းဆုံး Result ရ ရမှာပေါ့နော်။ ဂုဏ်ရည် သိပ်ကို ညံ့လို့ပါ။

မြန်မာနိုင်ငံကိုတော့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေပွဲကို ဂျပန်ရောက်မြန်မာများဖြစ်တဲ့ ကိုနေမခ၊ မြန်မာပြည်မှ ဒီဇိုင်နာမဆန်းဘောက်ရာတို့ ဦးဆောင်မှုနဲ့ ၂၂ရက်နေ့ မှာ ပြုလုပ်ပြီး ရရှိသမျှ ငွေများအားလုံးကို စစ်ဘေးကို လှူဒါန်းသွားဖို့ ပြိုင်ပွဲမတိုင်ခင်ကတည်းက အစီအစဉ်တွေ ဆွဲထားပြီး ဖြစ်လို့ ၂၃ ရက်နေ့မှာ ရရှိတဲ့ ရန်ပုံငွေများအတူ ပြန်လာဖြစ်ပါမယ်။

ကူညီပံ့ပိုးခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိစွာဖြင့်……

ဂုဏ်ရည်အေးကျော်

ယမန်နှစ်က မြန်မာအလှမယ် နန်းခင်ဇေယျာကလည်း ဂုဏ်ရည်အေးကျော် Miss International 2013 က နေ ဘာဆုမှ ယူလာမပေးနိုင်တဲ့အပေါ် အခုလို အားပေးစကား ပြောထားပါသေးတယ်။

မျှော်လင့်ထားသလို မဖြစ်လာလို့ နန်းခင်တို့ စိတ်မကောင်းဖြစ်ရတယ်။ Miss International 2013 ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူနေပါတယ် ဂုဏ်ရည်...... မြန်မာဆိုတာ ကမ္ဘာက သိစေဖို့ တတ်စွမ်းတဲ့ဘက်ကနေ ဆက်လက်ကြိုးစားသွားကြမယ်။ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အစဉ်အားပေးလျှက်ပါ.....။

နန်းခင်ဇေယျာ — feeling sad.

အိမ့်သံစဉ်
ဧရာဝတီ သတင်း