သတင်းယူသည့် သတင်းထောက်ကို ဖမ်းဆီးထောင်ချမှု မီဒီယာ အဖွဲ့အစည်းအချို့ ကန့်ကွက်

ပို့စ်တင်ချိန် - 12/21/2013 11:42:00 AM


သတင်းယူသည့် သတင်းထောက်ကို ဖမ်းဆီးထောင်ချမှု မီဒီယာ အဖွဲ့အစည်းအချို့ ကန့်ကွက်
Voice Weekly Journal Facebook မှ ကူးယူဖော်ပြသည် ။ ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် နေအိမ်အတွင်း ဝင်ရောက် သတင်းယူသည့် သတင်းထောက်ကို ပိုင်နက် ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှုတို့ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ပုဒ်မ ၄၅၁၊ ၅၀၀ နှင့် ၂၉၄ (ခ) တို့အရ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ခြင်းကို သတင်းမီဒီယာ အဖွဲ့အစည်းများက လုံးဝလက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ကြောင်း အဆိုပါ အဖွဲ့များက ပြောကြားသည်။

ELEVEN Media Group မှ နယ်သတင်းထောက် ဖြစ်သူ မနော်ခိုင်ခိုင်အေးချိုသည် တရားလို၏ နေအိမ်သို့ သတင်းထောက် ဖြစ်ကြောင်း တရားဝင် အသိပေး ခွင့်ပြုချက် တောင်းခံ၍ ဝင်ရောက် သတင်းရယူသည့်အပေါ် တရားလိုက ခွင့်ပြုခဲ့ကြောင်း၊ သို့သော် သတင်းမေးမြန်းမှုကို မကျေနပ်၍ နှင်ထုတ်သဖြင့် ပြန်လည် ထွက်ခွာခဲ့သော်လည်း အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ တရားလိုက အမှုဖွင့် တိုင်တန်းခဲ့ကြောင်း၊ ယင်းကြောင့် လွိုင်ကော် တရားရုံးက တစ်လခွဲခန့်အကြာ အမှုကို ကြားနာပြီးနောက် ပြစ်မှုသုံးခု အတွက် ထောင်ဒဏ် သုံးလကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ELEVEN Media Group (EMG) မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ရှင်းပြသည်။

ယင်းသို့ တရားဝင် အသိပေး ခွင့်တောင်း၍ သတင်းရယူသူကို စွဲချက်တင် ထောင်ချမှုအပေါ် EMG အပါအဝင် မြန်မာ ဂျာနယ်လစ်သမဂ္ဂ၊ PEN Myanmar အဖွဲ့နှင့် သတင်းမီဒီယာ အချို့က ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အမှုကို ပြန်လည် စစ်ဆေးပေးရန် သက်ဆိုင်ရာ တရားရေး အဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။
“ပုဒ်မ ၅၀၀ နဲ့ ထောင်ချတယ်ဆိုတာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး ကြားဖူးတာ ဖြစ်သလို၊ ဒီကိစ္စဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ရန် ကြံစည်တယ်လို့ ယူဆစရာ ဖြစ်နေပါတယ်” ဟု The Daily Eleven နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ထုတ်ပြန် ပြောကြားသည်။

သတင်းရယူမှု ဖြစ်စဉ်အတွင်း သတင်းထောက်ကို ထောင်ဒဏ် ချမှတ်ခြင်းမှာ အလွန်ပြင်းထန်သည့် အရေးယူမှု ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍအပေါ် အခိုင်အမာ ရပ်တည်ကြောင်း သမဂ္ဂဂျာနယ်က ထုတ်ပြန် ပြောကြားသည်။

သတင်းသမားတစ်ဦး ယင်းသို့ အရေးယူ ထောင်ချခံရခြင်းမှာ သတင်းမီဒီယာ ဥပဒေ အတည်မပြုနိုင် သေးသည့်အတွက် ဥပဒေကြောင်းအရ အပြည့်အဝ ကာကွယ် မပေးနိုင်သည်မှာ အဓိက ကျကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးကိုကိုက ထောက်ပြသည်။

ယခုဖြစ်စဉ်၌ ပြစ်မှု မှန်ကန်ခဲ့လျှင်ပင် ငွေဒဏ် ချမှတ်နိုင်သည့် ပုဒ်မများ ဖြစ်ပါလျက် ထောင်ဒဏ် ချမှတ်ထားကြောင်း၊ ယင်းမှာ လွတ်လပ်စွာ သတင်း ရယူပိုင်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ယခုကဲ့သို့ သတင်းထောက် တစ်ဦးကို ထောင်ဒဏ် ချမှတ်သည့်အပေါ် မြန်မာ စာရေးဆရာများ စုပေါင်း ဖွဲ့စည်းထားသော PEN Myanmar က ကန့်ကွက်ကြောင်း ထုတ်ပြန်သည်။

အမှုဆောင်အချို့ ခရီးလွန်နေသဖြင့် EMG ၏ နယ်သတင်းထောက် ထောင်ချ ခံရမှုနှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်နိုင်ခြင်း မရှိသေးသော်လည်း လုပ်သင့် လုပ်ထိုက်သည်ကို အပြည့်အဝ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ထံမှ သိရသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထောက်ဒဏ် ချမှတ်ခဲ့သူ တရားရေး ဝန်ထမ်းက အဂတိ လိုက်စားမှု ရှိ မရှိ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာပိုင်များနှင့် ပူးပေါင်း ကြံစည်မှု ဖြစ်နိုင် မဖြစ်နိုင်ကို ပြန်လည် စစ်ဆေးပေးရန်နှင့် အလားတူ ဖြစ်ရပ်များ ထပ်မံ မပေါ်ပေါက်ရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တရားသူကြီးချုပ်တို့ အပါအဝင် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများထံ တင်ပြ တိုင်ကြားထားကြောင်း၊ အဆိုပါ အမှုကိုလည်း အယူခံ ဝင်သွားမည် ဖြစ်ကြောင်း EMG ထံမှ သိရသည်။

သတင်းထောက်တစ်ဦး သတင်းမီဒီယာ တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပွားသည့် အဆိုပါ ဖြစ်ရပ်အတွက် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ကျင့်စဉ်များအရ တရားရုံး၌ ရင်ဆိုင် မဖြေရှင်းမီ အဆင့်ဆင့် ညှိနှိုင်း ဖြေရှင်းနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ အလျင်အမြန် တရားစွဲဆို ထောင်ဒဏ် ချမှတ်ခြင်းမှာ သတင်းသမားအပေါ်၌ သာမက သတင်းမီဒီယာလောက တစ်ခုလုံးအပေါ် ရန်လိုသည့် လုပ်ရပ် ဖြစ်သွား နိုင်သည့်အတွက် မြို့နယ်တရားရုံး အနေနှင့် စဉ်းစားဆင်ခြင် သင့်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူးက သုံးသပ်သည်။

၂၀၁၀ ပြည့်နှစ် အတွင်းက 7 Day သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံကို ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက် မအေးသူစံက တရားစွဲဆိုမှုအပေါ် ရန်ကင်းမြို့နယ် တရားရုံးက အချိန် ၂ နှစ်ကျော် စစ်ဆေး ကြားနာခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လတွင် ပြစ်မှုကျူးလွန်သူ သရုပ်ဆောင် ထက်ထက်မိုးဦးကို ဒဏ်ငွေကျပ် ၁၀၀၀ ချမှတ်ခဲ့သည်။
The Voice Weekly Myanmar