တည်ဆဲဥပဒေများပြင်ဆင်ရန် လက်မှတ်များ ကောက်ခံမည်

ပို့စ်တင်ချိန် - 12/04/2013 01:12:00 PM


ဟိန်းကိုစိုး| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ်

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈ အပြင် ဒီမိုကရေစီနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများဖြင့် အရေးယူမှုများ ကန့်ကွက်ရှုတ်ချခြင်း ပြည်သူ့ဆန္ဒ လက်မှတ်များကို ဒီဇင်ဘာ ဒုတိယ အပတ်တွင် ကောက်ခံသွားမည်ဟု ကျောင်းသားသမဂ်္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်တီ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

“ပုဒ်မ ၁၈ သာမကဘူး၊ တခြားပုဒ်မ တွေဖြစ်တဲ့ (၅၀၅/ခ) (၅/ည)တို့လို ပုဒ်မမျိုးတွေ ရှိနေသေးတာ ဒါတွေက မတရားချုပ်ချယ်ထားတဲ့ ဥပဒေတွေဆို ဒါတွေကိုပြင်ဆင်၊ ဒါမှမဟုတ် ပြောင်းလဲ ဖြစ်ဖို့အတွက် ပြည်သူ့ရဲ့ဆန္ဒ လက်မှတ်တွေကို တစ်နိုင်ငံလုံးမှာ ကောက်ခံမှာ” ဟု ၎င်းက ဆိုသည်။

လုပ်ငန်းဆောင်ရွက်မှုကို ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှ ပြည်သူ များ၏ ထောက်ခံလတ်မှတ်များကို နိုင်ငံတွင်းရှိ ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်သူများ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အတွက် ဆောင်ရွက်နေသည့် အဖွဲ့ ၅၁ ဖွဲ့မှ ပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက် သွားမည်ဟု ၎င်းကဆိုသည်။

ထို့ပြင် ယင်းဥပဒေများဖြင့် ဆန္ဒပြသူများအပေါ် အရေးယူထားမှုများ ပလပ်ပေးရန်၊ နောက်ထပ်အရေး ယူမှုများ မပြုရန်၊ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်မည့်နေရာ သတ်မှတ်ပေးရန်စသည့် အချက် များကို မူတည်ကာ ပြည်သူများ၏ သဘောထား လက်မှတ်ကို ကောက်ယူသွားမည်ဟု အကောင် ထည်ဖော် ဆောင်ရွက်မည့် အဖွဲ့တွင် ပါဝင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးနန္ဒစစ်အောင်က မဇ္ဈိမကို ပြောသည်။

“ကောက်လို့ရတာကို လွှတ်တော်၊ ဒီမိုကရေစီကိုအရေး အာမခံနိုင်တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မ ရှင်တို့လို နိုင်ငံတကာအဖွဲ့တွေအထိကို တင်ပြသွားမှာ၊ ပြည်သူ့ဆန္ဒက ဘာဆိုတာကို” ဟု ဦးနန္ဒစစ် အောင်က ပြောသည်။

ကောက်ခံရရှိသည့် ပြည်သူ့ထောက်ခံချက် လက်မှတ်များ လွှတ်တော်သို့ တင်ပြရန်အတွက် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကို ရွေးချယ်သွားမည် ဖြစ်သည်။

ရွေးချယ်မည့်ကိုယ်စားလှယ်တစ်ဦးကို အဖွဲ့ပေါင်း ၅၁ ဖွဲ့ ကိုယ်စားလှယ်များ စုပေါင်းစည်းဝေးကာ ဆုံးဖြတ်သွားမည် ဟု ဦးဇင်လင်းအောင်က ဆိုသည်။

ယင်းလတ်မှတ်ကောက်ခံမှုအပြင် ၎င်းဥပဒေများ တည်ရှိနေခြင်းနှင့် ပြည်သူများရင်ဆိုင်နေရသည့် အခက် အခဲများကို အဖွဲ့စည်းပေါင်းစုံဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်း ပြည်သူလူထုအတွင်း သီချင်းများ၊ ကဗျာများမှ တစ်ဆင့် သိရှိလာနိုင်ရန် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန် ပုဒ်မ ၁၈ အပြင် ဒီမိုကရေစီ နှင့် မကိုက်ညီဘဲ ကန့်သတ်ချုပ်ချယ်ထား သည့် ဥပဒေများ ပြင်ဆင်ပျယ်ဖျက်ရေးကို ဒီဇင်ဘာလ ၂ ရက်နေ့က အစည်း ဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ပုဒ်မ ၁၈ အပြင်၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် ရာဇသတ်ကြီး ပုဒ်မ (၅၀၅/ခ)ဖြင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၅၆ မှုအထိ ရှိကြောင်း လက်ကျန် နိုင်/ကျဉ်းစိစစ်ရေးကော်မတီ မှ သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ငြိမ်းစုစီဥပဒေကို ပြန် လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

Mizzima Burmese