မျက်နှာဖုံးစွပ် လူသတ်မှု စွဲချက်တင်ပုဒ်မကို ပြင်ဆင်ပေးရန် ရန်ကုန်တိုင်း လွှတ်တော် တရားရုံးတွင် ဦးတိုက်လျှောက်

ပို့စ်တင်ချိန် - 12/14/2013 07:01:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြောက်ဥက္ကလာပမြို့နယ်တွင် လွန်ခဲ့သော ၂ နှစ်ကျော်က ဖြစ်ပွားခဲ့သော မျက်နှာဖုံးစွပ် လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ် ကျခံနိုင်သော ပုဒ်မဖြင့် စွဲချက်တင်ခံရသူ ၂၃ ဦးအနက် ၁၆ ဦးကို စွဲချက်တင်ပုဒ်မ ပြင်ဆင်ပေးရန် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်တိုင်း လွှတ်တော် တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ကြောင်း အဆိုပါ တိုင်းတရား လွှတ်တော်ရုံးထံမှ သိရှိရသည်။

စွဲချက်တင်သော ပုဒ်မသည် ကြီးမားသော ပြစ်ဒဏ် ရှိသောကြောင့် တရားစွဲဆို ခံရသူများဘက်တွင် ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း၊ ဥပဒေအရ မှန်ကန်မှုရှိ မရှိ ပြန်လည် ဆန်းစစ်ပေးရန် လိုအပ်နေသောကြောင့် စွပ်စွဲခံရသူ ၁၆ ဦးကို ဦးတိုက် လျှောက်ထားရခြင်း ဖြစ်ကြောင်း စွပ်စွဲခံ ရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းလွင်က ရှင်းပြသည်။

“ရဲအရာရှိတစ်ဦးရဲ့ ထွက်ဆို စစ်ဆေးချက်ဆိုတာ တရားခွင်မှာ သက်သေ မခိုင်လုံနိုင်ပါဘူး။ လုံလောက်တဲ့ သက်သေ အထောက်အထား မခိုင်လုံဘဲနဲ့ ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေး မယ်ဆိုပြီးမှ အထက်ရဲ့ စီစဉ်ညွှန်ကြားမှုအရ ပြန်လည် ဖမ်းဆီးတယ်ဆိုတာ ဥပဒေနဲ့ မညီညွတ်တာကြောင့် ပြန်လည် စိစစ်ပေးရန် လျှောက်ထား အပ်ပါတယ်” ဟု စွပ်စွဲ ခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးစံက ဦးတိုက် လျှောက်ထားရာတွင် ပြောကြားခဲ့သည်။

မျက်နှာဖုံးစွပ် လူသတ်မှုတွင် သေဆုံးသူမှာ တစ်ဦးတည်း ဖြစ်ပြီး ဆေးစာမှတ်တမ်းအရ ဓားဒဏ်ရာ လေးချက်သာ ရှိသော်လည်း ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ ဖြင့် စွဲချက်ဖြင့် တရားစွဲဆိုခံရသူ ၂၃ ဦးဖြစ် ကြောင်း၊ သေဆုံးသူဘက်မှ သက်သေ ၅၀ ဦးခန့်တွင် ရဲတပ်ဖွဲ့၏ သက်သေထွက်ဆိုချက်သာ ရှိပြီး ဖြစ်ပွားစဉ်ညက မျက်မြင် တွေ့ရှိခဲ့သော အရပ်သားများ၏ သက်သေ ထွက်ဆိုချက်များ မရှိကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက ရှင်းပြသည်။

ပုဒ်မ ၃၀၂(၁) (ခ)/၃၄ စွဲချက်တင်ပြီး စစ်ဆေး ခံနေရသူများအနက် ကိုသက်ဦးနှင့် မိသားစုဝင် ခြောက်ဦး အပါအဝင် လူ ၁၆ ဦးမှာ လူသတ်မှု ဖြစ်ပွားစဉ်က ပါဝင် ပတ်သက်မှု မရှိကြောင်းကို သက်သေ အထောက်အထားများဖြင့် တင်ပြနိုင်သော်လည်း ဖမ်းဆီးချုပ်နှောင် ခံထားရပြီး ကြီးမားသည့် စွဲချက်ကြောင့် ရန်ကုန်တိုင်းလွှတ်တော် တရားရုံးက ပြန်လည် စိစစ်ပြီး သင့်မြတ်သည့် အမိန့်ချမှတ်ပေးပါရန် စွပ်စွဲခံရသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော် ရှေ့နေခြောက်ဦးက တရားသူကြီး ဒေါ်စိုးစိုးအောင်ထံ ဦးတိုက် လျှောက်ထားခဲ့သည်။

သို့သော် ယင်းဦးတိုက် လျှောက်ထားမှုအပေါ် တိုင်းရုံးက အမိန့်ပြန်လည် ချမှတ်မည့် ရုံးချိန်းကို မသိရှိသေးကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်သန်းအေးက ပြောကြားသည်။

အသတ်ခံရသူ မိသားစုဝင်များ အနေနှင့် အဆိုပါ လူသတ်မှု ရုံးချိန်းကို အောက်တိုဘာလ နောက်ဆုံးပတ်အထိသာ ရုံးချိန် သွားရောက်ခဲ့ရသည့်အတွက် နောက်ပိုင်း အခြေအနေကို မသိရှိသေး ကြောင်း၊ မှန်ကန်သော တရားစီရင်ရေးကို အားကိုးသောကြောင့် ပါဝင်သူများကို တိကျမှန်ကန်သော စီရင်ချက် ချပေးစေလိုကြောင်း အသတ်ခံရသူ ကိုကျော်မင်း၏မိခင် ဒေါ်စန္ဒာက ပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ညက မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် နွယ်သာဂီ ၆ လမ်းထိပ်ရှိ စားသောက်ဆိုင်ရှေ့သို့ ယာဉ်နံပါတ်ပြားကို စတစ်ကာများဖြင့် အုပ်ထားသော လိုက်ထရပ်ယာဉ်တစ်စီး ရောက်ရှိလာကြောင်း ယာဉ်ပေါ် ပါလာသူ ခြောက်ဦးက မျက်နှာဖုံးများ တပ်ဆင်ထားကြောင်း၊ ယင်းနောက် ဆိုင်အတွင်းသို့ ဓားရှည်များ ကိုင်ဆောင်ထားသူ သုံးဦး ဝင်ရောက်ကာ အသက် ၃၀ နှစ်အရွယ်ရှိ ကိုကျော်မင်းကို ဝိုင်းခုတ်ရာ အခုတ်ခံရသူက အပြင်သို့ ထွက်ပြေးစဉ် ဆိုင်ပြင်ပတွင် အသင့်စောင် နေသူတစ်စုက ဓားများဖြင့် ထပ်မံ ထိုးခုတ်ခဲ့သောကြောင့် ကိုကျော်မင်း သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန် ထားချက်တွင် ဖော်ပြထားသည်။

အဆိုပါ မျက်နှာဖုံးစွပ် လူသတ်မှုနှင့် ပတ်သက်၍ အပြစ်ရှိသော သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ကို ပေးစေလိုကြောင်း မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်က ပြောကြားသည်။

အဆိုပါ မျက်နှားဖုံးစွပ် လူသတ်မှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၂ ခုနှစ်က ရုံးထုတ် စစ်ဆေးခဲ့သော်လည်း တရားခံဟု စွပ်စွဲခံထားရသူများက တရားလိုပြ သက်သေများ ထွက်ချက်ပေးနေစဉ် ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြိုးစား အားထုတ်မှုများ ပြုလုပ်ခဲ့၍ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အင်းစိန် အကျဉ်းထောင် အနီးရှိ မြောက်ပိုင်းခရိုင် တရားရုံးသို့ လုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့ စစ်ဆေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။

The Voice Weekly Myanmar