ငါမနိုင်ရင် ငါ့ဓာတ်တိုင် ပြန်ထမ်းသွားမယ်

ပို့စ်တင်ချိန် - 12/10/2013 08:54:00 AM


၂၀၁၀ ရောက်ပြန်တော့ ခဲမှန်ဖူးတဲ့ စာသူငယ် ပါတီကြီး ပါဝင်အရွေးခံခြင်း မရှိတော့ဘဲ အခြားပါတီငယ်၊ ပါတီရွယ်များနဲ့ ရွေးကောက်ပွဲကို ကျင်းပပါတယ်။ အငြင်းပွားဖွယ် ကြိုမဲတွေ အဆိုအဆဲတွေနဲ့အတူ အရပ်သားတစ်ပိုင်း အစိုးရ တစ်ရပ်အသွင် ဖြစ်ပေါ်လာပါတယ်။ အရပ်သား ဆိုတော့ အရပ်စကားပဲ ပြောရတာမို့ “ရေဘူးပေါက်တာ မလိုဘူး။ ရေပါအောင်သာ ခပ်ခဲ့” ဆိုတဲ့ စကားတွေကတော့ မကြားရတော့ပါဘူး။ အပြောများမှာ သဘောတရား ပါလာခဲ့ပြီလေ။

ဒီလိုနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ရောက်လာပြန်ပါတယ်။ ဒီပွဲကို ပါတီကြီးကနေ ဆင်နွှဲခွင့် ကြုံလာပါတယ်။ ဒီအခါမှာ အဖွဲ့အစည်းတစ်ခုက ကိုယ်စားလှယ်တစ်ဦးကို သရော်တဲ့ ဟာသလေးက “ငါမနိုင်ရင် ငါ့ဓာတ်တိုင် ပြန်ထမ်းသွားမယ်” တဲ့။ ဘာပြောလို့ပါလိမ့်။

ကျွန်တော်တို့ ရပ်ရွာမှာတော့ ၂၀၁၀ တုန်းက ပါတီကြီးတစ်ခုရဲ့ လွှတ်တော် ကိုယ်စားလှယ်က နိုင်ရင် ရွာလမ်းလေးကို မဲရုံရောက်တဲ့အထိ တစ်လအတွင်းမှာပဲ ကျောက်လမ်း ခင်းပေးမှာပါ ပြောပြီး မဲလည်းနိုင်ရော ကိုယ်စားလှယ်လည်း ဘိုင်ကျသွားပုံ ရပါတယ်။ အသံလည်း မကြားနိုင်တော့။ လမ်း လည်း ခင်းမပေးနိုင်တော့။ လူလည်းတစ်ခါမှ မလာနိုင်ရှာတော့။

၂၀၁၅ မှာ ထပ်ပြီးနိုင်ရင် ဒီလမ်းကို ခင်းပေးနိုင်ဖို့ ငွေရှာနေရင်တော့ စေတနာကို စော်ကားရာ ရောက်မှာစိုးလို့ စကားကို ကုန်အောင် မပြောရဲပါဘူး။ သေချာတာတစ်ခုက ၂၀၁၅ မဲဆွယ်ကာလမှာ သူတစ်ခါ ရောက်လာဦးမှာပါ။ ၂၀၁၀ တုန်းကလို ရွာဦးက ဆရာတော်ဘုရားအတွက် ဘုရားဆင်းတု တော် ပင့်လာဦးမှာဆိုတော့ ရွာသားတွေ သာဓုနှစ်ခါ ခေါ်ရဦးမယ်လေ။

ကျွန်တော်တို့ ကိုယ်စားလှယ်တွေနဲ့ ပြိုင်ရင် ဆယ်တန်း ကျောင်းသားတွေ ရှုံးလိမ့်မယ်။ ဘာလို့လဲဆိုတော့ မနက်ဖြန် စာမေးပွဲကြီးဆိုရင် ဘယ်အိမ်မှာ ဆယ်တန်းကျောင်းသား ရှိလဲဆိုတာ မေးစရာမလိုဘူး။ နားသာထောင်နေလိုက်။ ကျက်လိုက်၊ ရွတ်လိုက်၊ ဖတ်လိုက်တဲ့ စာအံသံတွေ မကြားချင်အဆုံး။ တစ်နှစ်ပတ်လုံး စာကြွေးတွေကို တစ်ရက်ထဲ အတိုးချပြီး ဆပ်နေကြတာပါ။

ကိုယ်စားလှယ်တွေလည်း ထိုနည်း၎င်းပါပဲ။ မနက်ဖြန် ရွေးကောက်ပွဲဟေ့ ဆိုရင်တော့ မမြင်ဖူးတဲ့ ကိုယ်စားလှယ်တွေ မြင်ဖူးစေရမယ်။ စိတ်သာချ။ ငါးနှစ်လုံးလုံး မတွေ့ရတဲ့ ပြည်သူတွေနဲ့ အလုအယက် တွေ့နေကြရလို့ပါ။ သူတို့ စေတနာတွေကိုလည်း မြင်နိုင်ပါတယ်။ တချို့ ကိုယ်စားလှယ်တွေ ဆိုရင် မင်းသား၊ မင်းသမီးတွေတောင် ခေါ်လာ ပိုက်ဆံတွေ ဝေပေးနဲ့ အတော်ကို စေတနာ ထားရှိကြသူတွေပါ။ ပြည်သူတွေက “ငါးနှစ်လုံးလုံး ပေးရင်ကောင်းမှာ” တဲ့။

ခက်တာက ဒီလိုပုံနဲ့ မိုးကြီးချုပ်သွားတော့ ပြည်သူတွေက ရိပ်စားမိလာတယ်။ ၂၀၁၂ ရောက် အလာမှာတော့ ကတိမပေးတဲ့ အဖွဲ့ကိုပဲ မဲပေးတော့မယ်လို့ ဆုံးဖြတ်ထားလို့လား မသိပါဘူး။ ပြည်သူကို “ကျွန်မတို့ မတည်နိုင်တဲ့ ကတိတွေ မပေးပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားမှာပါ” ဆိုတဲ့ အဖွဲ့က မဲတွေ ရကုန်ပါတယ်။ ကတိမပေးသူကို မဲပေးတဲ့ ပွဲလို့လည်း ဆိုကြပါတယ်။

ဒီအချိန်မှာ တစ်ဖက်က သူတို့နိုင်ရင် “လျှပ်စစ်မီး သွယ်တန်းပေးမယ်။ လမ်းခင်းပေးမယ်” ဆိုတာတွေနဲ့ အချိန်တွေ ကုန်နေခဲ့ပါတယ်။ “မနိုင်တော့ ဓာတ်တိုင် ပြန်ထမ်းသွားတယ်” ဆိုတဲ့ တချို့အသံများလည်း ကြားလိုက်ရတော့ လက်ဖက်ရည်ဆိုင်စကား ဖြစ်သွားရတာပါပဲ။

တိုက်ဆိုင်လို့တော့ ပြောရပါဦးမယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ သူမနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ ပါတီကြီးရဲ့ကိုယ်စားလှယ်ကို ဂျာနယ်ကြီးတစ်ခုက အင်တာဗျူး လုပ်ပါတယ်။ သူဖြေပုံက “ကျွန်တော်နဲ့ သူမ ဘယ်သူနိုင်မလဲ ဆိုတာတော့ မပြောတော့ပါဘူး။ ကျွန်တော် ပြောမှာကတော့ ကျန်တဲ့ ၄၃ နေရာစလုံးမှာ ကျွန်တော်တို့ ပါတီကသာ အားလုံး အနိုင်ရပါလိမ့်မယ် ခင်ဗျာ” တဲ့။ လက်တွေ့ရလဒ်ကတော့ သူတို့ ၄၃ နေရာစလုံး ရှုံးသွားတာပါပဲ။ သြော် လွဲမှ လွဲရလေ။

ဒီလောက်တောင်မှ လွဲမှားသုံးသပ်သူဟာ ကိုယ်စားလှယ်လောင်းလည်း ဖြစ်ခဲ့လေတော့ ပြည်သူ့ဆန္ဒ အပေါ်မှာ အတော်နားလည်မှု လွဲတဲ့သူပဲလို့ ဝေဖန်ရတော့မှာပါပဲ။ ငါပြောတိုင်း ငါ့စကားချောနေပြီလို့ မှတ်ယူလို့ မရနိုင်ပါ။ ငါ့စကား ချော်နေတာတွေ အများကြီးပါပဲ။ ပြည်သူတွေကတော့ အချိန်မကုန် လေမကုန် မဲရုံကနေ ပညာကုန်ပေးဖို့သာ သူတို့တာဝန်ပါ။

ဒါက သုံးသပ်ချက်လွဲမှားမှုပါ။ အမှားရိုးရိုးပါပဲ။ “ငါမနိုင်ရင် ငါ့ဓာတ်တိုင် ပြန်ထမ်းသွားမယ်” ဆိုတဲ့ အမှားမျိုးကတော့ မသင့်တော် မဆီလျော်ပါဘူး။ “ငါချေးထားတဲ့ငွေ ပြန်ပေး၊ ငါ့အိုးပုတ်ပြန်ပေး” ဆိုတာလို စိတ်စေတနာတွေ ပါလာပါတယ်။ စိတ်သဘောထား ကျဉ်းမြောင်းမှုတွေ ပါလာပါတယ်။ သေးသိမ်မှုတွေ တွေ့လာပါတယ်။ ပြည်သူ့ကိုယ်စားလှယ်နဲ့ ထိုက်တန်ပါ့မလား။

ကျွန်တော်တို့ မိသားစုထဲမှာပဲ အစ်မတစ်ဦးက ပြောပါတယ်။ “ငါကတော့ ဒီတစ်ခါမဲပေးရင် မျှပြီးပေးမယ် တချို့က ခေါင်းဆောင် တော်ပေမယ့် ကိုယ်စားလှယ်က အရည်အချင်း နိမ့်နေရင် အားပေးလို့ မဖြစ်ဘူး။ အခြားတစ်ဖက် ကိုယ်စားလှယ်ကသာနေရင် မဲပေးရမှာပဲ” တဲ့။

အစ်ကို တစ်ယောက်က ပြန်ပြောတယ် “ခုအချိန်က ဒီမိုကရေစီ ပန်းတိုင် မရောက်သေးဘူး၊ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ ကာလမှာ ဗိုလ်ချုပ်က“ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ကို မဲပေးကြပါ” လို့ မေတ္တာရပ်ခံ လိုက်တော့ ပြည်သူတွေက လွတ်လပ်ရေးအတွက် အာမခံ ပေးနိုင်တဲ့ ဗိုလ်ချုပ်ရဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကိုပဲ အပြတ်အသတ် မဲပေးလိုက်ကြလို့ လွတ်လပ်ရေးရခဲ့တာ မဟုတ်လား” လို့ ဆိုလိုက်တာပါ။

ကျွန်တော်က “ဒါဆိုရင် တစ်ဖက်က နိုင်ငံရေး ထောင်ထွက်ဆိုတော့ ထောင်ထဲမှာပဲ အချိန်တွေ ကုန်ခဲ့ရလို့် အရည်အချင်း နည်းနေမယ်။ အခြားတစ်ဖက်က သမ္ဘာရှိတဲ့ ဝါရှိတဲ့ခရိုနီ အကျင့်ပျက်ဆိုရင် အစ်မဘယ်သူ့ကို ရွေးချယ်မလဲ” လို့ မေးကြည့်ပါတယ်။ သူလည်း စဉ်းစားရ ကျပ်သွားပါတယ်။ ပြတ်သားတဲ့ အဖြေတစ်ခုအတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရမှာပါ။

ပြည်သူတွေရဲ့ မဲပေးပုံစံကို လေ့လာရသလောက်ကတော့ ဖဆပလ အဖွဲ့ချုပ်ကို မဲပေးခဲ့ဖူးတဲ့ ပုံသဏ္ဌာန်မျိုး ၁၉၉၀ နဲ့ ၂၀၁၂ မှာ တွေ့နိုင်ပါတယ်။ ဒီမိုကရေစီအတွက် စိတ်ချလက်ချ ဖြစ်ရအောင်လို့ ဒီမိုကရက်တစ် ပါတီကြီး တစ်ခုကိုပဲ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့နိုင်အောင် ပံ့ပိုး ကူညီတဲ့ပုံစံမျိုး မြင်ရပါတယ်။ ဒါကို ချေဖျက်နိုင်ဖို့ ကြိုးစားရမယ့် တစ်ဖက်အဖွဲ့အစည်းရဲ့ ၂၀၁၅ ကြိုတင် ပြင်ဆင်မှုတွေကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိ အပြုသဘော အမြင်အရ သုံးသပ်ရရင်လည်း လက်ရှိ အဖွဲ့အစည်းကို ခေါင်းဆောင်နေကြတဲ့ ပါတီခေါင်းဆောင်များရဲ့ ကောင်းသတင်းတွေကို ကြားရတာ စိတ်ချမ်းမြေ့စရာပါပဲ။ ဒုအဆင့်ရှိတဲ့ ခေါင်းဆောင် အချို့ကိုတော့ အမှန်သုံးသပ်ရရင် လိုအပ်ချက်ရှိမယ် ထင်ပါတယ်။ နှစ်ဖက်လိုအပ်ချက် ရှိတာချင်း တူသော်လည်း ပြည်သူကို အထင်သေးတဲ့ အပြောအဆိုမျိုးကို တစ်ဖက်က အမြဲရှောင်ရှားတာ တွေ့ရပြီး အခြားတစ်ဖက်မှာတော့ သိတဲ့အတိုင်းပါပဲ။

ဂျာနယ် စာမျက်နှာများထက်မှာ ဘယ်သူတွေ ဘယ်လို အဝေဖန်ခံရ သလဲဆိုတာ အားလုံးလည်း သိပြီးမို့ အကျယ် မဆိုချင်တော့ပါ။ မောက်မာတာတွေ၊ အထင်သေး တတ်တာတွေ၊ မဆင်မခြင် နေပြောမှုတွေ၊ အာဏာရှင် အင်နာရှာပဲ ဝင်နေမှုတွေ၊ နှစ်ငါးဆယ် ပုံစံခွက်ထဲက ခွဲမထွက်နိုင်မှုတွေဟာ မိမိကိုယ်မိမိ နောက်ကောက် ကျစေတဲ့ အရာတွေမို့ ရှောင်ရှားနိုင်ဖို့ပါ။

အာဏာရှင်စနစ်မှာ ပြည်သူဆိုတာ အာဏာရှင်ကို အပိုးကျိုးစွာ နေထိုင် ဆက်ဆံရပါတယ်။ ဒီမိုကရေစီ စနစ်မှာတော့ အာဏာလိုချင်သူက ပြည်သူကို အပိုးကျိုးစွာ ဆက်ဆံရပါတော့တယ်။ ဒါကို ပြောင်းလဲနိုင်ဖို့ အာဏာရှင်ဟောင်းတွေမှာ အခက်အခဲ ကျော်ဖြတ်ပွဲကြီး တစ်ခုလိုပါပဲ။ အထက်အမိန့် နာခံတဲ့စနစ်နဲ့ အောက်ခြေက ပြည်သူ့အသံ နာခံရတဲ့စနစ်ဟာ ပြောင်းပြန်ပါ။

ဒီတော့ သူတို့ပေးတဲ့ အမိန့်သံတွေဟာ ပြည်သူ့နားမှာ မခံသာတော့ဘဲ မီဒီယာထဲက ပြက်လုံး ဟာသတွေလည်း ဖြစ်ကုန် ကြရပါတော့တယ်။
“မြစ်ဆုံကို ဘယ်သူတားတား ဆက်လုပ်မယ်” “လယ်သမားတွေ ကြွေးမြန်မြန် ကျေအောင် ထမင်းတစ်နပ် လျှော့စား”“ပြည်သူတွေကလည်း မီးမလာရင် ဖယောင်းတိုင်လေးတွေ ထွန်းထားပါ” “ပြည်သူတွေက ဖွဲ့စည်းပုံ ပြင်ချင်တယ်ဆိုတာ မယုံဘူး” “မီတာခလျှော့ချရေး ဆန္ဒပြတာ ပြည်သူ အစစ်တွေ မဟုတ်ဘူး” တဲ့လေ။

ပြည်သူတွေကို ဒီမိုကရေစီနဲ့ မတန်သေးဘူး ဆိုတာလည်း ပြောတတ် ကြပါသေးတယ်။ တကယ်တော့ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ တန်လို့သာ အာဏာရှင် အစိုးရတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး သူတို့က ဒီမိုကရေစီ အစိုးရပုံစံနဲ့ မထိုက်တန်သူတွေ ဖြစ်လို့သာ သွေးမြေကျ နှိမ်နင်းမှုတွေ၊ အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ခဲ့ကြတာပါ။

အစိုးရက ဒီမိုကရေစီနဲ့ မတန်ခဲ့လေတော့ ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေကိုလည်း အာဏာလွှဲမပေးဘဲ ဖမ်းရေးဆီးရေးတွေနဲ့သာ အချိန်ကုန်ခဲ့တာပါ။ ငါတို့လူကို မဲမပေးလို့ လွှဲမပေးတာ ဆိုတော့လည်း ငါ့ဓာတ်တိုင် ပြန်ထမ်းသွားတာပါပဲ။

ငါ့ဓာတ်တိုင် ပြန်ထမ်းသွားတဲ့အထိ ကိစ္စ မရှိလှသေးပါ။ ပြည်သူတွေဟာ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်၊ နောက်ဆုံး အလိုမကျရင် နှာခေါင်းပိတ် အသတ်ခံရတဲ့အထိ အပိတ်ပင်ခံရတဲ့ ပိတ်လေးပိတ် ဘဝကို ကျရောက် ခဲ့ရတာပါပဲ။ သူတို့ပြောတာကတော့ သူမက ပိတ်လေးပိတ် လုပ်တယ်လို့ ဆိုပြန်ပါတယ်။ သတင်းစာ ဆိုတာကို ပြည်သူကတော့ ပြောင်းပြန် ဖတ်တတ်နေပြီမို့ ကြိုက်သလောက်သာရေး ပြောင်းပြန်တွေးနိုင်ဖို့သာ လိုအပ်တဲ့ ခေတ်တွေပါပဲ။

သတင်းစာက ဓာတ်လိုက်ပြနေရင် အပြင်မှာ မှောင်နေပါပြီ။ သတင်းစာထဲမှာ နဝတ ဥက္ကဋ္ဌကြီးရဲ့ ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာလို့ ရေးရင် အပြင်မှာ နိုင်ငံရေးသမားတွေကို အကြမ်းပတမ်း လိုက်လံဖမ်းဆီး ထောင်ချနေပါပြီ။ သတင်းစာထဲမှာ တိုင်းပြည်ကြီး ဘယ်ခေတ်အခါနဲ့မှ မတူအောင် အဘက်ဘက်က တိုးတက် သာယာနေပြီလို့ ဖော်ပြရင် အပြင်မှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလို့ ကမ္ဘာက ကြေညာထားပါပြီ။ သတင်းစာဆိုတာ ဒီလို ဖတ်တတ်ရပါတယ်။

သတင်းစာက ဒီဆုနဲ့ လားလားမှ မအပ်စပ်တဲ့သူမလို့ ရေးနေစဉ်မှာ သူမကိုပေးတဲ့ ဆုတွေက တစ်ရာကျော် သွားပြန်ပါတယ်။ သတင်းစာထဲက လူဆိုးက အပြင်မှာ လူကောင်းသူကောင်း ဖြစ်နေပြီး သတင်းစာထဲက သူကောင်း ပြုခံရသူကတော့ အပြင်မှာ ဗီလိန် ဖြစ်နေပြန်ပါတယ်။ ဆောင်းပါး မဟုတ်တဲ့ စောင်းဖားတွေ ဝေဝေဆာဆာနဲ့ ဘုန်းတော်ဘွဲ့ သတင်းစာခေတ် စာပေကင်ပေတိုင်ခေတ် မရှိတော့တာ ရှိနေသေးရင်လည်း လှည့်ကြည့်စရာ မလိုတာ မင်္ဂလာပါ။

သူတို့ အသင်းထဲဝင်မှ အလုပ်ရတာ၊ တောကနေ မြို့ပေါ်တက်လာပြီး လက်ဖက်ရည်ဆိုင် စားပွဲထိုးလုပ်ဖို့ ဧည့်စာရင်း တိုင်တာအောင် သူတို့ အသင်းဝင်ကတ်မြင်မှ အဆင်ပြေတာ၊ မမြင်ရင် စားပွဲထိုး အလုပ်တောင် ပြုတ်သွားနိုင်တာကြောင့် အသင်းဝင် အတုတွေ များပြားလာလိုက်ကြတာ ၂၆ သန်းတောင် ကျော်ပါသတဲ့။ ဆက်ဒမ်ဟူစိန်တောင် အရှုံးပေးရမယ့် အရေအတွက်ပါပဲ။

အခုတော့ အားလုံးတစ်က ပြန်စကြပြီမို့ ငါမနိုင်ရင် ငါ့ဓာတ်တိုင် ပြန်ထမ်းသွားမယ်လို့ ပြောမယ့်လူတွေ မပါအောင် ပါတီသန့်ရှင်းရေး လုပ်ကြရပါမယ်။ လူသန့် စိတ်သန့်သူတွေကို ရွေးချယ်ရပါမယ်။ ပါတီက မရွေးတတ်ရင်တော့ မပူပါနဲ့။ ပြည်သူက ရွေးပြလိုက်မှာပါ။

The Voice Weekly Myanmar