ဒီဇင်ဘာလအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်းအလုံးရေ ကိုးသောင်းကျော် ချထားမည်

ပို့စ်တင်ချိန် - 12/31/2013 11:45:00 PM


အတွဲ (၁၅)၊ အမှတ် (၁)
Mon, 12/30/2013 - 18:18
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန်ဖုန်းများအား ယခုနှစ်၊ ဧပြီလမှ စတင်ကာ လစဉ်ရောင်းချပေးခဲ့ရာ ယခုလအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဖုန်းအလုံးရေ ကိုးသောင်းကျော်ချထား ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

GSM နှင့် WCDMA ဖုန်းအမျိုးအစားများအား ချထားပေးသွားမည်ဖြစ်ပြီး GSM ဖုန်း (၄၈၇၈၀) နှင့် WCDMA ဖုန်း (၄၃၀၀၀) စုစုပေါင်း (၉၁၇၈၀) ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်ချထားပေးမှုတွင် အများဆုံးအရေအတွက် ဖြစ်သည်။ ယခုလအတွက် ချထား ပေးရာတွင် ဒေသအားလုံးအတွက် CDMA 800MHz ဖုန်းများမပါဝင်ပေ။ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာခဲ့သည်။ “သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ရက်နဲ့ အနည်းဆုံး လေးငါးရက် လောက်ကွာပြီးမှပဲ မဲနှိုက်ရတာ ဖြစ်ပါတယ်။ ဒီလအတွက်ကတော့ အခုချိန်ထိလာရောက် အကြောင်းကြားပေးတာမျိုး၊ ဆိုင်းဘုတ်ကပ် အကြောင်းကြားပေးတာမျိုး မတွေ့ ရသေးပါဘူး” ဟု အင်းစိန်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်း စုစုပေါင်း သုံးသိန်းခွဲကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်အတွက် အရေအတွက် အနည်းဆုံး ချထားပေးမည်ဖြစ်ပြီး WCDMA ဖုန်း (၃၅၃) ကိုသာ ချထားပေးမည်ဖြစ်ကာ GSM ဖုန်းလိုင်းများ မပါဝင်ပေ။ ကယားပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးစလုံးပါဝင်ကြောင်း တွေ့ရသည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၈ ခုတွင် အချိုးကျခွဲဝေပြီး ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။

ချထားပေးသည့် ဖုန်းများနှင့် ပတ်သက်၍ သတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်သည်။ ဖုန်းကတ် ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းမ်ကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြည့်ကာ သုံးစွဲရမည် ဖြစ်သည်။ ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများအနေဖြင့် လစဉ်ပြောဆိုခ ၂၅၀၀ ကျပ် အနည်းဆုံး သုံးစွဲရမည်ဖြစ်သည်။


ထွန်းထွန်း
Internet Journal