ဓာတုဆေး ပီပါခွံများကို စားသုံးဆီထည့်၍ အသုံးပြုနေမှု ထိရောက်စွာဖြေရှင်းရန် ပြည်ထောင်စုဝန်ကြီးဆို

ပို့စ်တင်ချိန် - 12/16/2013 09:30:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

လူကို အန္တရာယ်ဖြစ်စေသည့် ဓာတုဆေးများ ထည့်သွင်းအသုံးပြုသော ပီပါခွံ များထဲသို့ စားသုံးဆီထည့်၍ သုံးစွဲမှုများ ရှိနေသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) အနေနှင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က (UMFCCI) တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်သည့် (၂၁) ကြိမ်မြောက် ဆီလုပ်ငန်းရှင်များ နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ဓာတုဆေးသုံး ပီပါခွံများကို စားသုံးဆီ ထည့်၍ သုံးစွဲခြင်းသည် အန္တရာယ် ကြီးကြောင်း၊ ဓာတုဆေးဝါး ထည့်သွင်း အသုံးပြုထားသည့် ပီပါခွံ များကို ပြည်တွင်း၌ စားသုံးဆီ ထည့်ရန် သုံးစွဲမှုကို ကြပ်မတ် ရန် UMFCCI သို့ တိုက်တွန်းထားကြောင်း ဝန်ကြီးက The Voice သို့ ပြောကြားသည်။

ဓာတုဗေဒပစ္စည်းများ ထည့်သော ပီပါခွံများကို ဆေးကြောသည့် ပုံစံနှင့် နည်းစနစ်ကို ပြသပေးရန် အပါအဝင် စားအုန်းဆီ ထည့်သွင်းအသုံးပြုသည့် ပီပါခွံများ သန့်ရှင်းမှုရှိ၊ မရှိ စစ်ဆေးပေးရန် တို့ကို ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဟန်အား ပြောဆိုဆွေးနွေး ခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။

"ဒီပီပါခွံ (ဓာတုပစ္စည်းများ ထည့်သွင်း အသုံးပြုထားသော ပီပါခွံ) တွေက အင်မတန် အန္တရာယ်ကြီးတယ်။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ တရားခံ ဖြစ်သွားနိုင်တယ်။ ဒါကို ကျွန်တော် ပြောနေတာကြာပြီ။ အစည်းအဝေးမှာ မှတ်တမ်းတင်ပေးပါ။ ကျွန်တော်တို့ ဘက်ကရော ဘာလုပ်ပေးရ
မလဲ။ လုပ်ပေးရမယ့် ကိစ္စကို မြန်မြန်ဆန်ဆန် လုပ်ပေးမယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဆီထည့်သည့် ပီပါခွံများကို သန့်ရှင်းမှု ရှိစေရန် စားအုန်းဆီကန် များနှင့် စားအုန်းဆီ လာထုတ်သည့် လုပ်ငန်းရှင်များကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဓာတုဆေးဝါး ထည့်သည့် ပီပါ များသည် အဖုံး ဖွင့်လိုက်ပါက အနံ့ထွက်၍ သိသာကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဦးဆန်းလင်းက ပြောကြားသည်။
"အရိုးခေါင်းတံဆိပ် နဲ့ ဓာတုဆေးဝါး ထည့်တဲ့ ပီပါတွေဆို လက်မခံဖို့။ ဆီကန်မှာ စားအုန်းဆီ လာထုတ်တဲ့ လူတွေက ကိုယ်လာထုတ်တဲ့ ဆီပီပါရဲ့ သန့်ရှင်းမှုကို တာဝန်ယူရမယ် လို့ ပြောထားတယ်" ဟု ၄င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ဆီစားသုံးမှုသည် တစ်နှစ်လျှင် ပျမ်းမျှ တန်ချိန် ၈ ဒသမ ၅ သိန်း ဝန်းကျင်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ငါးသိန်း ဝန်းကျင်နှင့် ပြည်ပမှ တင်သွင်းမှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၃ ဒသမ ၅ သိန်းဝန်းကျင် ရှိသည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။

ပြည်ပမှ စားသုံးရန်မသင့်သည့် မြောင်းဆီများ ဝင်ရောက်မလာရန် အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA)၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် အသင်းနှင့် လုပ်ငန်းရှင်များတွင် တာဝန်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

The Voice Weekly Myanmar