ကေအိုင်အို၏မူးယစ်ဆေးဝါးလုံးဝတိုက်ဖျက်ရေးကော်မတီ ဒုတာဝန်ခံ ဗိုလ်မှူးချုပ်ဇောင်းဗုခ်ထန်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 12/28/2013 05:14:00 PM



7Day News Journal
အတွဲ (၁၂)၊ အမှတ်(၁၈)
မရန်

ကချင်ပြည်နယ်တွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကေအိုင်အိုနှင့် ကချင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၄၊ ၂၅ ရက်တို့တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူးယစ်ဆေး ၀ါးပပျောက်ရေးလုပ်ကိုင်နေသော အဖွဲ့အစည်း ၃၀ မှ လူငယ်ခေါင်းဆောင်များအပါအ၀င် ၁၅၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲပြီးနောက် ကေအိုင်အိုမူးယစ်ဆေးဝါး လုံးဝတိုက်ဖျက်ရေး ကော်မတီဒုတာဝန်ခံဗိုလ်မှူးချုပ် ဇောင်းဗုခ်ထန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး- ပထမဦးဆုံး မူးယစ်ဆေးဝါး လုံးဝပပျောက်ရေးအတွက် ဆွေးနွေးပွဲကျင်းပတယ်လို့ သိရတယ်။ ဘာကြောင့် ကျင်းပတာပါလဲ။
ဖြေ- ကျွန်တော်တို့ကချင်လူမျိုးတွေ မူးယစ်ဆေးဝါးကို မသုံးစွဲဘဲ တိုက်ဖျက်ကြရအောင်လို့ အစည်းအဝေးမှာလည်း ပြောပြီးပြီ။ ၁၉၆၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ကျွန်တော်တို့ကေအိုင်အိုတွေအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ လုပ်နေတာ ယနေ့အချိန်အထိပါပဲ။ ဒါပေမဲ့ဖြစ်မလာခဲ့ဘူး။ အကြိမ်ကြိမ်ကျွန်တော်တို့ ပြုလုပ်လာခဲ့တယ်။ ၁၉၆၁ ခုနှစ် ကျွန်တော်တို့ ကေအိုင်အေခေါင်းဆောင် ဘရန်ဆိုင်းလက်ထက်ကစပြီး ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်။ ဘိန်းစိုက်ပျိုးတာတွေ၊ သုံးစွဲတာတွေ၊ ရောင်းဝယ်တာတွေ ရပ်တန့်ဖို့ ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ကေအိုင်အိုအနေနဲ့ ဘိန်းဖြတ်ဆေးရုံတွေ လုပ်တယ်။ ဘိန်းသမားတွေလာပြီး ဘိန်းလာဖြတ်တယ်။ ဖြတ်လိုက်ပြန်သုံးလိုက်နဲ့ မအောင်မြင်ခဲ့ဘူး။  မူးယစ်ဆေးဝါး လုံးဝပပျောက်သွားအောင် မလုပ်ဆောင်နိုင်ရတဲ့ အကြောင်းရင်းက သူတို့တွေကို ဒီဟာလုပ်စားပါ၊ ဟိုဟာလုပ်စားပြီး အသက်မွေးပါလို့ အစားထိုးလုပ်ငန်းတွေ မပြုလုပ်ပေးနိုင်ခဲ့လို့  လည်းဖြစ်တယ်။ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လုံးဝပပျောက်ရေးဆိုပြီး ကျွန်တော်တို့ ကော်မတီတွေဖွဲ့စည်းခဲ့တာ တစ်သုတ်ပြီးတစ်သုတ်ဖွဲ့ခဲ့ကြတယ်။ ၂၀၁၁ ခုနှစ်အောက်တိုဘာလ ၁ ရက်ကနေစပြီး သီးသန့်ကေအိုင်အို ဗဟိုကော်မတီကနေ အမိန့်ထုတ်ပြန်ပြီး ကျွန်တော်တို့မူးယစ် ဆေးဝါးလုံးဝပပျောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့တယ်။ ကော်မတီကနေပြီးတော့ ကေအိုင်အိုမှာ အမှုထမ်းနေတဲ့သူတွေထဲမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေအားလုံးနဲ့ သုံးစွဲနေတဲ့ပြည်သူတွေ၊ ဘိန်းချက်တဲ့သူတွေ၊ ရောင်းဝယ် တဲ့သူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းပြီး လိုအပ်တာတွေ ကျွန်တော်တို့ လုပ်ဆောင်လာခဲ့တယ်။

ကျွန်တော်တို့ကော်မတီအနေနဲ့ အခုလိုပြုလုပ်နေတဲ့အချိန် မှာ မြို့မှာနေထိုင်ပြီး မူးယစ်ဆေး ၀ါးပပျောက်အောင် လုပ်ဆောင် နေတဲ့ အဖွဲ့အစည်းအသီးသီးတွေ နဲ့ ဘာသာရေးခေါင်းဆောင်တွေ ကိုလည်း အခုလိုဖိတ်ကြားပြီး ရှေ့ဆက်ပြီး မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေကို ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကို တိုင်ပင်ရအောင်၊ ၀ိုင်းဝန်းတိုက်ဖျက်သွားရ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကေအိုင်အိုအနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် အခုလို စည်းဝေးပွဲကျင်းပရခြင်းဖြစ်ပါတယ်။
ပိုပြီး အဓိကကျတာကတော့ ဒီစည်းဝေးပွဲကိုလာတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ လူငယ်တွေရဲ့ဦးနှောက်များများနဲ့ စဉ်းစားပြီး ဘယ်လိုနည်းလမ်းတွေနဲ့ မူးယစ်ဆေးဝါး လုံးဝပပျောက်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ဖြစ်ပါတယ်။

မေး- အစည်းအဝေးပွဲရလဒ်ကိုရော ကျေနပ်အားရမှုရှိပါသလား။
ဖြေ- အစည်းအဝေးပွဲမှာ အားလုံးသဘောတူ ဆုံးဖြတ်ထားတဲ့ အချက်ခြောက်ချက်ရရှိထားတယ်။ အဲဒီအချက်တစ်ခုချင်းဆီကို အခု ချက်ချင်းလုပ်ဆောင်သွားဖို့အတွက် ကေအိုင်အိုအနေနဲ့ အခက်အခဲတွေ ရှိနေသေးတယ်။ အချက်တစ်ခုချင်းဆီကို ဗဟိုကော်မတီနဲ့ ကျွန်တော်တို့အစည်းအဝေးထိုင်မယ်။ ဘယ်သူက ဘယ်အဖွဲ့က ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်နေရာတွေမှာ ဘယ်လိုလုပ်ဆောင် သွားမလဲဆိုတာတွေကို အသေးစိတ်အစီအစဉ် ချမှတ်ပြီးတော့ ၂၀၁၄ မှာတော့ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်တယ်။ အခုလာတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့အစည်းအဝေးပြန်ခေါ်မယ်။ အားလုံးနဲ့ ပြန်စည်းဝေးပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။

မေး- ကေအိုင်အိုရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မူဝါဒက ဘာပါလဲ။
ဖြေ- မူဝါဒကတော့ အဆင့်ဆင့်ရှိတယ်။ အဓိကကတော့ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်၊ စိုက်ပျိုးတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်သွားမယ် ပြီးတော့ လုံးဝပပျောက်တဲ့အထိ တိုက်ဖျက်သွားမယ်ဆိုတာပါပဲ။ အရင်တုန်းက သင်ခန်းစာအရ သုံးကြိမ်သုံးခါသူတို့ကိုသောက်တဲ့သူတွေကိုရော ဖြတ်ပေးတယ်။ ရောင်းတဲ့သူတွေ စိုက်တဲ့သူတွေကိုရော သုံးကြိမ်သုံးခါဖမ်းဆီးအရေးယူ တယ်။ သုံးခါလွန်ပြီဆိုတာနဲ့တော့ သူ့ရဲ့ ပြစ်ဒဏ်က ပိုပြီးကြီးမားသွားပြီး ထိထိရောက်ရောက်ကိုအရေးယူသွားမှာပါ။ အခု ဗဟိုသီးသန့် မူးယစ်လုံးဝပပျောက်ရေး ကော်မတီရဲ့ မူဝါဒကတော့ (၁) ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့လည်း မူးယစ်ဆေးဝါး လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်။ ဘာသာရေးအသီးသီးက ဒါကို တာဝန်ယူလုပ်ဆောင်သွားမယ်။ (၂) အိမ်ထောင်ရဲ့ ဖခင်တွေကလည်း ဒါကို လုပ်ဆောင်သွားမယ်။ (၃) အိမ်ထောင်ရဲ့ မိခင်တွေက လည်း မူးယစ်ဆေးဝါးတိုက်ဖျက် ရေးမှာ အမျိုးသမီးအလိုက် ပါဝင် လက်တွဲလုပ်ဆောင်မယ်။ (၄) လူ ငယ်တွေကလည်း လူငယ်အလိုက် လက်တွဲလုပ်ဆောင်သွားမယ်။ (၅) မျိုးနွယ်စုအသီးသီးက ရိုးရာ လူကြီးတွေလည်း ဒါကို အားတက်သရော ၀ိုင်းဝန်းလုပ်ဆောင်သွားမယ်ဆိုတဲ့ မူဝါဒတွေဖြစ်ပါတယ်။ လူတိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ တာဝန်ရှိတယ်ဆိုတာပါပဲ။

မေး- မူးယစ်ဆေးဝါးတွေ တိုက်ဖျက်ရေး လုပ်တဲ့အခါ မြန်မာတရုတ်အစိုးရ တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါသလား။
ဖြေ- ကျွန်တော်တို့ အခုအချိန် ကတော့ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော်တို့အခုချိန်က သူတို့နဲ့စစ်ဖြစ်နေတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲထားတဲ့ ၁၇ နှစ်လုံးလုံး ပူးပေါင်းလုပ်ဆောင်ခဲ့တာပါပဲ။ ဒါပေမဲ့ အကျိုးမရှိဘူး။ ပန်ဝါ၊ ကန်ပိုင်တီဘက်မှာ NDAK ၊ KIA  ၊ အစိုးရစစ်တပ်တွေနဲ့ သုံးဖွဲ့ပူးပေါင်းပြီး လုပ်ခဲ့တယ်။ နင်တို့တွေက သွားစရာမလိုဘူးဆိုပြီး အစိုးရစစ်တပ်တွေက ပြန်ပြောလာတယ်ဆိုတော့ ကျွန်တော်တို့ကလည်း သွားလို့မဖြစ်တော့ဘူး။ သူတို့တွေပဲ နားလည်မှုရှိပြီး ပိုက်ဆံတွေနဲ့ပဲ လုပ်သွားတာ ဘာထိရောက်မှမှုလည်း  မရှိဘူးလေ။ သူတို့ရောင်းဝယ်နေတဲ့ နေရာကိုသွားတယ်။ ဟိုကလည်း ပိုက်ဆံထိုးကျွေးလိုက်တယ်။ ပြန်လာတယ်။ ဒါတွေက ကျွန်တော်တို့ လက်တွေ့မြင်နေရ တဲ့အရာတွေပါ။ ကျွန်တော်တို့က ဖမ်းလို့လည်းမရဆိုတော့ ရောင်းတဲ့သူရော၊ ၀ယ်တဲ့သူကိုရော ၀ိုင်းရိုက်ပြီး မောင်းထုတ်နေရတယ်။ ဒါကကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ခဲ့ရတဲ့အဖြစ်အပျက်တွေပါ။ တိုင်း၊ ပြည်နယ်က ရဲတွေက ဖမ်းဆီးတဲ့နေရာမှာ သိပ်မပါဘူး။ ၀ိုင်းမော်မှာပဲကြည့်။ ပြည်သူတွေက မူးယစ်ဆေးဝါး ရောင်းတယ်။ သုံးတယ်။ ဒါတွေကို သူတို့ကမင်းတို့ ဘယ်သူ့အမိန့်နဲ့ ရောင်းလဲဆိုပြီး ဖမ်းရော။ သူတို့ ဥပဒေက ချို့ယွင်းမှုတွေရှိနေတယ်။ အခုတော့ပေါင်းလို့မဖြစ်ဘူး။ တရုတ်နဲ့ကတော့ ပူးပေါင်းလုပ်ဆောင်သွားလို့ရပါတယ်။

မေး- အစိုးရထိန်းချုပ်နယ်မြေတွေမှာရော ဘယ်လိုလုပ်ကိုင်သွားဖို့ရှိသလဲ။
ဖြေ- ဒါကတော့ တစ်ဦးချင်းစီရဲ့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတဲ့ နည်းလမ်းပေါ်မှာပဲ မူတည်ပါတယ်။

မေး- စီးပွားရေးအချက်အချာကျတဲ့ မြို့တွေမှာ ပိုပြီးမူးယစ်ဆေးဝါးပေါများနေတာကို တွေ့ရတယ်။ ဒါတွေကိုရော ဘယ်လိုပပျောက်အောင် လုပ်ဆောင်သွားမလဲ။
ဖြေ- နေရာဒေသကိုလိုက်ပြီး နည်းလမ်းရှာလုပ်ဆောင်သွားမှာပါ။

မေး- ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေနေထိုင်တဲ့ နေရာတွေမှာ ဘာကြောင့် မူးယစ်ဆေးဝါးတွေ ပေါများနေရတာလဲ။
ဖြေ- ဒါကတော့ လူတိုင်းကိုယ်စီ စဉ်းစားရရင် ပိုကောင်းမှာပါ။ ကချင်လူမျိုးတွေရဲ့ သမိုင်းတွေကိုလည်း လေ့လာခိုင်းစေချင်တယ်။ အရင်တုန်းက ကချင်ပြည်နယ်အနှံ့ ဘိန်းစိုက်ကြတယ်။ ပူတာအို၊ တနိုင်း၊ ဟူးကောင်း စတဲ့နေရာတွေမှာ။
ဒါပေမဲ့ ဘိန်းစားနည်းတယ်။ အခု သုံးစွဲနေရတဲ့ ရာမဆေးတွေ၊ NO 4 တွေ မရှိဘူး။ အခုက ဒါတွေ အဓိကဖြစ်နေတယ်။ ဒါတွေက တို့အားလုံးအလေးထားစဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေလည်း ဒါကို နှစ်သက်တယ် ထင်ပါတယ်၊ သွားကြည့်လိုက်ရင်ကျွန်တော်တို့လူမျိုးတွေ အများဆုံးဖြစ်နေတယ်။ တခြားလူမျိုးတွေကအနည်းစုပါပဲ။ ဒါကိုအစိုးရလည်းသိတယ်။
ဒါတွေကြောင့် ကျွန်တော်တို့လူမျိုးတွေကို ဒါနဲ့ တိုက်နေတာလေ။ ကျွန်တော်တို့ စစ်မဖြစ်ခင်တုန်းက လဂျားယန်ဂိတ်မှာ အမျိုးသမီးတစ်ဦးကို ဖမ်းမိတယ်။ မူးယစ်ဆေးဝါးထုပ်ကို သူ့ရဲ့ စအိုမှာ ဖွက်ထားတယ်။ ဒါတွေကို မင်းဘယ်သူ့ကိုရောင်းမှာလဲဆိုပြီး မေးတဲ့အခါ ကချင်တွေကို ရောင်းမယ်လို့ အဲဒီ အမျိုးသမီးပြောလာတယ်။ ဒီဆေးတွေက ကချင်ဆိုရင် အကြွေးရောင်းပေးတယ်။ တခြားဆိုရင်တော့ မရဘူး။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားစရာပါ။

မေး- တခြား ဘာများပြောစရာရှိပါသလဲ။
ဖြေ- ကျွန်တော်တို့တွေက ဒါကို လုံးဝပပျောက်အောင် ထိထိရောက်ရောက် လုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူမျိုးတွေလည်း ရောက်နေတဲ့နေရာဒေသမှာ ဒါကို အားလုံးပူးပေါင်းလက်တွဲပြီး တိုက်ဖျက်သွားဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ မူးယစ်ဆေးဝါးကို မသုံးစွဲမိအောင် မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ပြီး သတိနဲ့ အားလုံးနေထိုင်သွားရအောင်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။
7 Day News Journal