ရေနံမြေသပိတ်တွင် ပါဝင်ခဲ့သူ အဘိုးအို စိန်ရတု အခမ်းအနားတက်မည်

ပို့စ်တင်ချိန် - 12/09/2013 08:15:00 AM


ရန်ကုန်၊ ဒီဇင်ဘာ ၇

အင်္ဂလိပ်အစိုးရ လက်ထက်တွင် ဗြိတိသျှပိုင် ဘီအိုစီ ကုမ္ပဏီကို သပိတ်မှောက် ဆန္ဒပြရာ၌ ဦးဆောင်ခဲ့သော ရေနံမြေ သပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးတို့နှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့ဖူးသည့် အသက် ၉၀ ကျော်အရွယ် ဦးဘသော်သည် ၁၃၀၀ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ယင်းအခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညိုသွေးက The Voice သို့ ပြောကြားသည်။

ယင်းအခမ်းအနားကို ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စတင်ပေါ်ပေါက်ခဲ့သော ချောက်မြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

၁၉၃၈ ခုနှစ်တွင် ရေနံလုပ်သားများ သပိတ်မှောက်စဉ်က ဦးဘသော်သည် အသက် ၁၄ နှစ်ခန့်သာ ရှိသေးပြီး ၎င်းကဲ့သို့ လူငယ်များကို စုစည်းကာ သခင်ဖိုးလှကြီးက အထောက်အကူပြု အဖွဲ့ကဲ့သို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးကြောင်း၊ သပိတ်မှောက်ရာတွင် ပါဝင်ရန် ချောက်မြို့သို့ လာရောက်သည့် လမ်းရွာ ရေနံမြေမှ ရေနံမြေ လုပ်သားများကို ၎င်းတို့အဖွဲ့က ကြိုဆိုရေးနှင့် နေထိုင်ရေးတို့ကို စီစဉ်ပေးရကြောင်း ဦးဘသော်ကို မေးမြန်းထားသော ဦးညိုသွေးက ရှင်းပြသည်။

ဦးဘသော် ကဲ့သို့ပင် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကို ကိုယ်တိုင် တွေ့ကြုံ ခဲ့ဖူးပြီး ယင်းအရေးတော်ပုံတွင် ပါဝင်ခဲ့သော ရေနံမြေလုပ်သား သခင်လက်မ၏ ဇနီး အသက် (၉၇) နှစ်အရွယ် ဒေါ်အေးယဉ်လည်း ယင်းအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းကထုတ်ဖော် ပြောကြားသည်။

အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ရေနံလုပ်ငန်း အားလုံးကို လက်ဝါးကြီး အုပ်ထားသည့် ဘီအိုစီ ကုမ္ပဏီသည် ရေနံမြေ လုပ်သားများ၏ အခွင့်အရေးကို ဖိနှိပ်သဖြင့် ရေနံမြေ လုပ်သားများသည် ချောက်၊ ရေနံချောင်း၊ မကွေးမြို့တို့ကို ဖြတ်ကာ ရန်ကုန်ရှိ ရွှေတိဂုံ ဘုရားအထိ လမ်းလျှောက် ချီတက်ပြီး ရွှေတိဂုံ ဘုရားတွင် အနယ်နယ် အရပ်ရပ်မှ တောင်သူလယ်သမား သပိတ်၊ အလုပ်သမားသပိတ်၊ ကျောင်းသား သပိတ်များနှင့် ပူးပေါင်းကာ နယ်ချဲ့အင်္ဂလိပ် အစိုးရကို ဆန့်ကျင်သော အထွေထွေ သပိတ်အသွင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
The Voice Weekly