ဘုန်းကြီးကျောင်းမြေ အငြင်းပွားမှု တုတ်တပြက် ဓားတပြက် ဖြစ်

ပို့စ်တင်ချိန် - 12/10/2013 06:00:00 AM


အငြင်းပွားနေသော လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာရှိ ဘုန်းကြီးကျောင်း
သံဃာတော် ၂ ပါး၏ ဘုန်းတော်ကြီးကျောင်းမြေ ပိုင်ဆိုင်မှု အငြင်းပွားသည့် ပြဿနာတွင် တဖက်သံဃာတော်၏ တပည့်ဒါယိကာများက လက်နက်ကိုင် ခြိမ်းခြောက်သည်အထိ ဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာ ဒေသခံများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာရှိ မြေ ၄၇ ဧက ကျယ်သော တောင်ပေါ်ရွှေထီးကျောင်း မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးသောဘဏနှင့် မရမ်းကုန်းမြို့နယ်၊ အောင်ဗိမာန် ကျောင်းတိုက် ဆရာတော် ဦးအာစာရတို့အကြား အငြင်းပွားမှု ဖြစ်ပွားရာ  နှစ်ဖက်ဒါယိကာများ ပါဝင်လာခဲ့သည့် ဖြစ်စဉ်တခု ယခုလ ဒုတိယပတ်က ယင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည်။

“တုတ်၊ ဓါး လက်နက်တွေနဲ့ လာတယ်။ ကျောင်းမကြီးမှာရှိတဲ့ သော့ကို ဖျက်ဆီးတယ်။ သာသနာ့နယ်မြေ၊ မကျူး ကျော်ရ ဆိုပြီး ကျေးရွာ ဘုရားဂေါပကအဖွဲ့က တင်ထားတဲ့ ဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးတယ်။ ကျမတို့ ဓာတ်ပုံရိုက် ယူထားတာ ရှိပါတယ်” ဟု ဒီဇင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အဖြစ်အပျက်ကို ဒေသခံ မျက်မြင် သက်သေ ရွာခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့ တုတ်၊ ဓားများ ကိုင်ဆောင်လာသူများမှာ သံဃာ ၇ ပါး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၆ ဦး နှင့် မရမ်းကုန်း၊ အောင်ဗိမ္မာန်ကျောင်း ဆရာတော်က အာဏာကုန် လွဲအပ်ခြင်း ခံထားရသည့် ဒေသခံ အမျိုးသား ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။

လက်ရှိ ကျောင်းထိုင် ဆရာတော်နှင့် မရမ်းကုန်း၊ အောင်ဗိမ္မာန်ကျောင်း ဆရာတော်တို့ကြား မြေပိုင်ဆိုင်မှု ပြဿနာမှာ လွန်ခဲ့သည့် ၅နှ စ်နီးပါးကပင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဥပဒေကြောင်းအရ မရမ်းကုန်း၊ အောင်ဗိမ္မာန်ဆရာတော် ပိုင်ဆိုင်သည်ဟု ဆုံးဖြတ်ထားပြီးသည့် အမှုဖြစ်ကြောင်း လှည်းကူးမြို့နယ် သာသနာရေး ဦးစီးမှူးထံမှ သိရသည်။

အမှုနိုင်ထားသည့် အောင်ဗိမာန်ကျောင်း ဆရာတော် ဦးအာစာရက “ဆရာတော်တို့ ကျောင်းက ဦးဇင်း ၃ ပါး သွားပို့ တာ။ အဲဒါကို ရွာသားတွေက ရဲတိုင်တယ်။ ရန်ကုန်က ဘုန်းကြီးတွေ တုတ်တွေ ဓားတွေနဲ့ လာတယ်လို့ ပြောတယ်။ နောက်ပြီး ဂေါပကအဖွဲ့တွေနဲ့ ရွာထဲက လူတွေက မကျူးကျော်ရ ဆိုပြီး စာလာကပ်တယ်။ ပိုင်တာက ဆရာတော်က ပိုင်တာ။ သူတို့က ပြောင်းပြန်လုပ်တယ်” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

သို့ရာတွင် ဒေသခံ ကျေးရွာသားများက လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဦးသောဘဏသည် ပျံလွန်သွားပြီ ဖြစ်သည့် မူလဆရာတော်၏ တပည့်အရင်းဖြစ်ပြီး တလျှောက်လုံး နေထိုင်သီတင်းသုံးလာပြီး ဆရာတော် မပျံလွန်မီကပင် ဆက်လက် ကျောင်းထိုင်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ ကျောင်းမှ ထွက်ခွာပေးရမည်ကို လက်မခံနိုင်ကြောင်း ဆိုသည်။

ဟိုင်းကူးကျေးရွာ၏ ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးကျင်မောင်က “ဦးအာစာရ(အမှုနိုင်ထားသည့် ဆရာတော်)က တောင်ပေါ် ရွှေထီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော် မဟုတ်ပါဘူး။ ဒီသာသနာ နယ်မြေမှာ တညတောင် ကျိန်းစက်ခဲ့တာ မရှိ။ ဥပုသ် ချီးမြှင့်ခဲ့တာ၊ တရားဟောခဲ့တာလည်း မရှိခဲ့ပါဘူး”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ ဆုံးဖြတ်ချက်အရ လက်ရှိကျောင်းထိုင် ဆရာတော်သည် အမှုရှုံးထားသည့် အတွက် ယခုလ ၁၂ ရက် နောက်ဆုံးထား၍ ကျောင်းမှ ထွက်ခွာပေးရန် ၀န်ခံကတိလက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ လိုက်နာဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခံရဖွယ် အနေအထားဖြစ်သည်။

ဦးကျင်မောင်က “ဆရာတော် ဦးသောဘဏက ရပ်ရွာက ကြည်ညိုလေးစားရတဲ့ ရဟန်းတပါးဖြစ်တဲ့အတွက် ကျောင်းကနေ ထွက်ခွာပါ့မယ်ဆိုပြီး လက်မှတ်ရေးထိုးတာကို ဒါယိကာ၊ ဒါယိကာမတွေ အနေနဲ့ သဘောမတူပါဘူး။ အသိအမှတ်လည်း မပြုနိုင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သက်တော် ၈၂၊ ၀ါတော် ၆၃ နှစ်ရ ဆရာတော် ဦးအာစာရကမူ လက်ရှိ အငြင်းပွားနေသည့် ၄၇ ဧကအကျယ်ရှိ ကျောင်းမြေနေရာကို တပည့်တဦးက လှူဒါန်းထားခြင်းဖြစ်ပြီး၊ ပိုင်ဆိုင်မှု အထောက်အထား များလည်း ရှိကြောင်း၊ ထိုမြေတွင် ယာယီကျောင်း ဆောက်လုပ်ကာ နေထိုင်ခွင့် ပြုထားခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ကျောင်းထိုင်သည် မိမိ၏ သြ၀ါဒကိုခံယူကာ ဆက်လက် ကျောင်းထိုင် နိုင်သော်လည်း လက်ခံခြင်း မရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း မိန့်ကြားသည်။

“မပိုင်ပဲနဲ့ ကျူးကျော်ဝင်နေတဲ့ အတွက် သြ၀ါဒခံယူပြီး နေဖို့ပြောတာကို လက်မခံဘူး။ ယှဉ်မယ်ဆို လာခဲ့ဆိုပြီး လူမိုက်ပြော ပြောနေတယ်။ အသက် ၈၀ ကျော်မှ တောင်ပေါ် တက်နေချင်တယ်။ လောဘကြီးတယ် ပြောကြတယ်။ ခုနောက်ပိုင်း မြေနေရာတွေ အဖိုးတန်တော့မှ သူတို့က ၀င်လုကြတဲ့ သဘောပါ” ဟု ၄င်းက မိန့်ကြားခဲ့သည်။

လက်ရှိ ကျောင်းထိုင်ဆရာတော် ဦးသောဘဏအား ဖယ်ရှားခြင်းနှင့် ထွက်ခွာရန် ညွှန်ကြားချက်ကို ရွာသူ ရွာသားများနှင့် တောင်ပေါ် ရွှေထီးကျောင်း ဂေါပက အဖွဲ့ဝင်များက ကန့်ကွက် လက်မှတ်များ ရေးထိုးထားပြီး၊ ဦးမြင့်ဆွေ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် တကွ ဦးဆန်းဆင့် သာသနာရေး ၀န်ကြီးတို့နှင့် သက်ဆိုင်ရာ သံဃနာယက အဖွဲ့အစည်း အသီးသီးတို့အား ပြန်လည်လျှောက်ထား အသနားခံထားကြောင်း သိရသည်။

လှည်းကူးမြို့နယ် သာသနာရေး ဦးစီးမှူးဖြစ်သည့် ဦးကျော်နန္ဒက “သံဃာ့ကိစ္စဆိုတော့ အထက်က လူကြီးတွေကို အချိန်နဲ့ တပြေးညီ တင်ပြထားတယ်။ ကိုယ်ပိုင်တဲ့ နေရာကိုဝင်တော့ တုတ်တွေ၊ ဓားတွေကိုင်တဲ့ အခြေအနေမျိုးတော့ ရှိမှာပေါ့လေ။ ကျနော်တို့ကတော့ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဆောင်လာတာကို မဖြစ်စေချင်ပါဘူး။ ဥပဒေကြောင်း အရ ဆုံးဖြတ်ပြီးသားလည်း ဖြစ်နေတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့တော့ ဆင်းကြည့်ထားပါတယ်” ဟု ၄င်းတာဝန်ယူ ဆောင်ရွက်ရသည့် အပိုင်းကို ပြောကြားသည်။

ဧရာဝတီ သတင်း Myanmar News