နိုင်ငံရေး ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရ သူများအပြင် ကြားနာစစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများပါ သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပို့စ်တင်ချိန် - 12/31/2013 09:18:00 AM


နိုင်ငံရေး ပုဒ်မများဖြင့် ပြစ်ဒဏ်ခံ နေရသူများအပြင် ကြားနာစစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်းအရေးယူဆဲ ခံနေရသူများအား နိုင်ငံတော် သမ္မတရုံး (အမိန့်အမှတ်၊ ၅၁/ ၂၀၁၃) ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်တစ်ရပ် ထုတ်ပြန်ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ယင်းလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့မတိုင်မီ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)နှင့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူအားလုံးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း၊ သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံများအား အမှုမှ ချက်ချင်းလွှတ်ရမည် ဖြစ်ကြောင်းနှင့် စုံစမ်းအရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက်အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရဟုလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် ဖော်ပြထားသည်။

eleven media group