နိုင်ငံခြား အရက်၊ ဘီယာနှင့် ၀ိုင်များ ရောင်းချမှုရပ်ဆိုင်း

ပို့စ်တင်ချိန် - 12/09/2013 12:31:00 PM

သီဟကိုကို|တနင်္လာနေ့၊ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့တွင် နိုင်ငံခြား အရက်၊ ဘီယာနှင့် ၀ိုင်ရောင်းချမှုများ ရပ်ဆိုင်းနေသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ်ရှိ Asia Light စူပါမားကတ်တွင်မူ နိုင်ငံခြားအရက်များ ရောင်းချမှုမရှိဘဲ ပြည်တွင်းဖြစ် အရက်များကိုသာ ရောင်းချလျက်ရှိသည်။

မြေနီကုန်းရှိ မခင်အေးစတိုးမှ အရောင်း တာဝန်ခံတစ်ဦးက “လက်ကျန်ရှိနေသော ပစ္စည်းများကိုသာ ရောင်းချနေပြီး ပစ္စည်းထပ်မံဝယ်ယူ၍မရတော့” ဟု ဆိုသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ နိုင်ငံခြားဖြစ်အရက်များ ရောင်းချနေသည့်ဆိုင်မှတာဝန်ရှိသူတစ်ဦးက လည်း “တရားမ၀င်တင်သွင်းသူများကို အဖမ်းအဆီးများရှိသော်လည်း ၎င်းတို့ကမူလက်ကျန်ရှိနေသည့် ကုန်ပစ္စည်းများကို ရောင်းချနေသည်”ဟု ဆိုသည်။မည်သည့်နေရာမှ ၀ယ်ယူနေသည်ကိုမူ ဖြေဆိုခြင်း မပြုပေ။

City Mart Holding u City Mart, Ocean နှင့် City Express ဆိုင်များတွင် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းချခြင်းကို ဒီဇင်ဘာ ၆ ရက်က ယာယီရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်သည်။

ပြည်ပမှ အသား၊ ဟင်းသီးဟင်းရွက်၊ ဘီယာ၊ ၀ိုင်နှင့် အခြားကုန်ပစ္စည်းများကို တင်သွင်းပြီး ပြည်တွင်း ဟိုတယ်များအား ပြန်လည်ဖြန့်ဖြူးနေသော ထိပ်တန်းကုမ္ပကြီးနှစ်ခုအနက် တစ်ခုဖြစ်သည့် Quarto Product အား တရားမ၀င် ကုန်ပစ္စည်းတင်သွင်းမှုဖြင့် ပြီးခဲ့သည့်လက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Mobile Team အဖွဲ့က တရားမ၀င်ကုန်သွယ်မှုများကို ဆက်လက်စစ်ဆေးနေရာ City Mart Mart Holding ၏ Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် ဂိုဒေါင်တွင် တရားမ၀င် တင်သွင်းထားသော ၀ိုင်နှင့်အရက်များတွေ့ရှိရသည်ဟု ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။

စီးပွားကူးသန်းဝန်ကြီးဌာနက နိုင်ငံခြား အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ပုံမှန်ကုန်သွယ်ရေး လိုင်စင်ဖြင့် တင်သွင်းခွင့်မပြုထားဘဲ ဟိုတယ်ကြီးများကိုသာ တင်သွင်းခွင့်ပြုထားသည်။

Mizzima Burmese