ရွှေဂုံတိုင်တံတား ဖြတ်သန်းမောင်းနှင်ခွင့်ပြု မိုင် ၃၀ ထက် ပိုမမောင်းရန် သတိပေး

ပို့စ်တင်ချိန် - 12/02/2013 10:08:00 AM

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ခုံးကျော် တံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်ခွင့်ကို ဒီဇင်ဘာ ၁ရက် နေ့လယ် ၁၂နာရီတွင် စတင်ခွင့်ပြုလိုက်ပြီး တံတားပေါ်တွင် မြို့တွင်းမောင်းနှင်ခွင့်မိုင် ၃၀ ထက် ကျော် လွန်မမောင်းရန် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း အင်ဂျင်နီယာ ဦးအုန်းလှိုင်က သတိပေးလိုက်သည်။

အမြင့်ဆုံးယာဉ်ခံနိုင်ဝန် ၆၀တန်ရှိပြီး အများဆုံး မောင်းနှင်နိုင်သည့် မိုင်နှုန်း ၅၀ ကီလိုမီတာ ဖြစ်သော် လည်း မိုင် ၃၀ နှုန်းသာ မောင်းနှင်ရန် ဦးအုန်းလှိုင်က ဆိုသည်။ “မိုင် ၃၀ပဲ ခွင့်ပြုထားတယ်။ အကွေ့ အကောက်များတဲ့အတွက် သတ်မှတ်စံချိန် စံညွှန်းအတိုင်း မောင်းဖို့လိုတယ်” ဟု ပြောသည်။

မြို့တွင်း လူနေထူထပ်ရာတွင် တည်ဆောက်ထားသည့် တံတားဖြစ်ခြင်းကြောင့် တံတားပေါ်သို့ ယာဉ်များ ဖြတ်သန်းသွားသည့်အခါ ထွက်ပေါ်လာသည့် အသံများကို လျှော့ချပေးမည့် အသံထိန်း ကိရိယာ Soung Barriers စနစ်ကို Excel Tower နှင့် ရွှေဂုံတာဝါအနီး တံတားပေါ်တွင် တပ်ဆင်သွားမည်ဟု ဦးအုန်းလှိုင် က ပြောသည်။

“ Soung Barriers က မြန်မာပြည်မှာ ပထမဆုံး တပ်တဲ့တံတားပါ။ ကားတွေဖြတ်သွားတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ဆူညံသံတွေ အဆောက်အအုံနဲ့ နီးတဲ့အတွက် Soung Barriersနဲ့ခံပြီး ဒီအသံကို စုပ်ယူတဲ့ စနစ်ခံထားပါတယ်။ တပ်ဆင်ရင်တော့ သုံးရက်အတွင်း ပြီးသွားမယ်” ဟု ပြောသည်။

တံတားကို ယာဉ်ကြောပိတ်ဆို့ခြင်းမှ လျော့နည်းစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော်လည်း အခြား တစ် ဖက်တွင် ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သူများလည်း ရှိနေသည်။ “ကျွန်တော်က ပထမ ဆုံးဖြတ်ချင်လို့ လာစောင့်တာပါ။ တံတားပြီးရင် တော်တော်အဆင်ပြေသွားမယ် ထင်တယ်။ ဗဟန်းအ၀ိုင်း မှာတော့ သွားပိတ်နိုင်တယ်” ဟု ယင်းခုံးကျော်တံတားအနီး ဗဟန်းမြို့နယ်တွင် နေထိုင်သည့် ကိုယ်ပိုင် ယာဉ်မောင်း ဦးသန်းဝင်းက ပြောသည်။

ရွှေဂုံတိုင်ခုံးကျော်တံတားကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်ခြင်းကို ၁၁ လကျော် ဆောင်ရွက်ခဲ့သည်။ ယင်းတံတားအတွက် အဆိုပြု ခန့်မှန်း ကုန်ကျငွေ ကျပ် ၁၇ ဒသမ ၄၄ ဘီလီယံဖြစ်သည်ဟုလည်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

တံတားအမျိုးအစားမှာ သံကူကွန်ကရိတံတားဖြစ်ပြီး ယာဉ်သွားလမ်းလေးလမ်းပါရှိကာ လမ်းအကျယ် ၄၅ ဒသမ ၅၉ပေရှိပြီး တံတားအရှည် ၂၀၅၉ ဒသမ ၅၅ပေ ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန်အတွက် လှည်းတန်းခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားများကိုလည်း တည်ဆောက်ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ်ဧပြီ ၁၀ရက်က စတင်အသုံးပြုခွင့်ပေးခဲ့ကာ ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတားမှာ နိုဝင်ဘာ ၂၄ ရက်တွင် နှစ်ထပ်စလုံး အသုံးပြုခွင့်ရခဲ့သည်။

Mizzima