ရဲနှစ်ဦးက ၀ိုင်းရိုက်၍ လှိုင်သာယာမြို့နယ်တွင် လူတစ်ဦးသေဆုံးဟုဆို

ပို့စ်တင်ချိန် - 12/03/2013 10:10:00 AM


လှိုင်သာယာမှ ရဲနှစ်ဦးက အမျိုးသားတစ်ဦးအား ညအချိန်တွင် လမ်းမပေါ်၌ လက်ထိတ်နှင့်သံတုတ်တို့ဖြင့် ၀ိုင်းရိုက်ကြသောကြောင့် ရိုက်နှက်ခံရသူ သေဆုံးခဲ့သဖြင့် ရဲတစ်ဦးထွက်ပြေးနေကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ် ဗစ်တိုးရီးယားကုန်တိုက်သို့  အမျိုးသားသုံးဦးသည် နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီအချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် မောင်းသွားစဉ် ကျန်စစ်သားလမ်းနှင့် န၀ဒေးလမ်းဆုံသို့ရောက်သောအခါ အမျိုးသားတစ်ဦးက အပေါ့သွားချင်၍ ဆိုင်ကယ်အား လမ်းဘေးသို့ချကာ ရပ်ထားပြီး အပေါ့သွားနေသည်။ ယင်းနေရာသို့ အမျိုးသားလေးဦးနှင့် အမျိုးသမီးသည် ဆိုင်ကယ်နှစ်စီးဖြင့် ဘေးမှဖြတ်မောင်းသွားစဉ် ““မင်းတို့ဆိုင်ကယ်ဘယ်လိုရပ်ထားတာလဲ”” ဟု မေးမြန်းခဲ့ရာ လူငယ်တစ်ဦးက ““ဒီထက်ရပ်ရင်လည်း မြောင်းထဲကျဖို့ပဲ ရှိတော့တယ်”” ဟု ပြန်ပြောခဲ့သည်။
ထိုအခါ ဆိုင်ကယ်နှစ်စီးသည် ရှေ့သို့ဆက်လက်မမောင်းသွားဘဲ ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ လူငါးဦးလုံးဆင်းလာကာ အမျိုးသားသုံးဦးအနီးသို့လျှောက်လာကြသည်။ ထို့နောက် ““ငါတို့ကရဲတွေ”” ဟု ပြောပြီး အပေါ့သွားနေသူအမျိုးသားအား ၀ိုင်းဝန်းထိုးကြိတ်ကြကြောင်း သတင်းရရှိသည်။

ရဲတစ်ဦးက လက်ထိတ်ကို အသုံးပြုသကဲ့သို့ ကျန်ရဲတစ်ဦးက သံတုတ်ဖြင့် ၀ိုင်းရိုက်ကြသောကြောင့် အရိုက်ခံရသည့်အမျိုးသားသည် ဒဏ်ရာများရရှိကာ ရေမြောင်းထဲသို့ပြုတ်ကျသွား၍ ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် အခင်းဖြစ်နေစဉ် ၀င်ရောက်တောင်းပန်သည့် အမျိုးသားတစ်ဦး၏ မျက်နှာကိုလည်း ရဲတစ်ဦးက လက်သီးဖြင့်ထိုးခဲ့သည်။ ထို့နောက် ၀ိုင်းရိုက်ကြသည့်လူငါးဦးလုံး အဆိုပါနေရာမှ ဆိုင်ကယ်နှစ်စီးဖြင့် ပြန်ထွက်သွားကြ၍ လက်သီးဖြင့် အထိုးခံရသူ၏နှာခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ဒဏ်ရာရရှိသူအမျိုးသားက တရားလိုပြုလုပ်ကာ လှိုင်သာယာမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ လူသတ်မှုကျူးလွန်သည့် ရဲတပ်သားတစ်ဦး နှင့် အရပ်သားတစ်ဦးကိုသာ ဖမ်းဆီးရမိခဲ့သည်။ ကျန်ရဲတပ်သားတစ်ဦး၊ အမျိုးသားတစ်ဦးနှင့်  မျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးတို့မှာ လွတ်မြောက်နေကြောင်း လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် လှိုင်သာယာမြို့ မရဲစခန်းမှ လူသတ်မှုဖြစ်သည့် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၂ နှင့် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေသည့် ပြစ်မှုဆိုင်ရာပုဒ်မ-၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အထက်ပါဖြစ်ရပ်ကြောင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ လှိုင်သာယာမြို့မရဲစခန်းမှူး၊ တာဝန်မှူးနှင့် ရဲတပ်သားတို့အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ သက်သေခံနှစ်ချုပ်ရယူရန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ခရရ (ရှေ့)မှူး ဒုတိယရဲမှူးကြီးအား တာဝန်ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အထွေထွေသတင်းတွင် ဖော်ပြထားသည်။

7 Day Daily