ယူကရိန်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများကို ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်း

ပို့စ်တင်ချိန် - 12/12/2013 06:25:00 PM


ကိယက်ဗ်၊ ဒီဇင်ဘာ ၁၁

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ် တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမား များကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် အင်အားသုံး၍ ဖြိုခွင်း ခဲ့ကြောင်း CNN သတင်းဌာနတွင် ဖော်ပြထားသည်။

ဆန္ဒပြသမားများက ၄င်းတို့၏ ဆုံရပ်အဖြစ် သတ်မှတ်ထားသော လွတ်လပ်ရေး ရင်ပြင်ကို ကာရံထားသော အရံအတား များကို လက်ကိုင်လွှစက်များ အသုံးပြု၍ ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများ ထိပ်တိုက် ရင်ဆိုင်မိကြခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂသို့ ယူကရိန်းနိုင်ငံ ဝင်ရောက်ခွင့်ရရန် အတွက် လိုအပ်သော သဘောတူညီမှု လက်မှတ် ရေးထိုးရန် လက်ရှိ အာဏာရအစိုးရက ငြင်းဆန်လိုက်ခြင်းကို မကျေနပ်သူများက ယခုကဲ့သို့ ဆန္ဒပြပွဲများ ဆင်နွှဲနေခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့မနက် ဒေသစံတော်ချိန် နံနက် ၁ နာရီ မှ ၄ နာရီ အတွင်းက ရဲတပ်ဖွဲ့ဝင် များနှင့် ဆန္ဒပြသမား များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းပြည်ထဲရေး ဝန်ကြီးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင် များသည် တရားရုံးအမိန့် အရ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် အတွက် ဆန္ဒပြသမားများကို မြို့လယ်ကောင် အချက်အချာကျသော နေရာမှ ဖယ်ရှားရန် ကြိုးစားစဉ်တွင် ယခုကဲ့သို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟုလည်း ၄င်းက ပြောကြားသည်။

ဆန္ဒပြသမား များသည် ရေခဲမှတ် ရောက်နေသော အအေးဒဏ်ကို အန်တု၍ ဆီးနှင်းများ ဖုံးလွှမ်းနေသော လွတ်လပ်ရေး ရင်ပြင်တွင် စခန်းချကာ ဆက်လက်ဆန္ဒပြရန် ဆုံးဖြတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ ယူကရိန်းရဲတပ်ဖွဲ့က ဆန္ဒပြသမားများကို အင်အားသုံး ဖြိုခွဲခဲ့ခြင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြင်းထန်စွာ ရှုတ်ချပြစ်တင်လိုက်သည်။
"အခုလို တုံ့ပြန်မှုဟာ လက်ခံနိုင်စရာ မရှိသလို ဒီမိုကရေစီနဲ့လည်း ညီညွတ်မှုမရှိပါဘူး " ဟု ဂျွန်ကယ်ရီ က ပြောကြားသည်။

အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင် ကလည်း လွတ်လပ်စွာ စုဝေးခွင့်ပြုခြင်း၊ ယူကရိန်းပြည်သူတို့၏ အသံကို နားထောင်ခြင်း အပါအဝင် ဒီမိုကရေစီ အခြေခံကျင့်ဝတ် များကို လေးစားမှုရှိရန် ယူကရိန်း သမ္မတကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖုန်းဆက်၍ ပြောကြားခဲ့သည်။

အတိုက်အခံများက ရုရှားသြဇာခံဟု စွပ်စွဲထားသော လက်ရှိ အစိုးရအဖွဲ့က ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေး သဘောတူ ညီမှုလက်မှတ်ရေးထိုးရန် ငြင်းဆန်လိုက် ခြင်းကြောင့် ယူကရိန်းနိုင်ငံ၏ ဥရောပနိုင်ငံ များနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ကြိုးပမ်းမှုမှာ အဟန့်အတား ဖြစ်သွားခဲ့ရသည်။
သို့သော် ဥရောပသမဂ္ဂနှင့် ဆက်ဆံ ရေးတိုးမြှင့်ခြင်းက ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကို ထိခိုက်စေနိုင်သည်ဟု ယူကရိန်းသမ္မတ ယာနူကိုဗစ်ခ်ျက အင်္ဂါနေ့က ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံရလေ့ရှိသော ယူကရိန်းနိုင်ငံသည် တိုင်းသူပြည်သားများကို အနွေးဓာတ်ပေး ရာတွင် မရှိမဖြစ်ပစ္စည်း ဖြစ်သော သဘာဝ ဓာတ်ငွေ့ကို ရုရှားနိုင်ငံထံမှ ဝယ်ယူနေရပြီး ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် လိုက်မည်ကိုလည်း စိုးရိမ်နေရသည်။
The Voice Weekly Myanmar